အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အတွင်းရှိ အားကစားကွင်းအားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန် (၁၁)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားကွင်း/ အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ အားကစားဥယျာဉ်စီမံကိန်းအတွင်း တည်ဆောက်လျက်ရှိသည့် အနောက်ဘက် အထူးတန်းပွဲကြည့်စင်နှင့် မိုးလုံလေလုံ အားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းများအား သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းနှင့်အညီ အချိန်မီဆောက်လုပ်ပြီးစီးစေရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။

ထိုနောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်ထွက်ခွာခဲ့ပြီး ဦးဝိစာရလမ်း၊ အမျိုးသားရေကူးကန်အတွင်းရှိ ပွဲကြည့်စင်အားလည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားကွင်းရှိ ပွဲကြည့်စင်နှင့် အားကစားသမားအိပ်ဆောင်တို့အားလည်းကောင်း၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအတွင်းရှိ (၄)ထပ် သင်တန်းသား/သင်တန်းသူ အိပ်ဆောင် တည်ဆောက်နေမှု အခြေအနေတို့အား လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦးများ ရေရှည်တည်တံစေရေး၊ အရည် အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးစေရေးတို့အတွက် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၃)ရက်နေ့မှ (၉)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်(၁၅)ခု၊ ငွေတံဆိပ်(၂၂)ခုနှင့် ကြေးတံဆိပ်(၁၉)ခု၊ စုစုပေါင်း ဆုတံဆိပ်(၅၆)ခု ရရှိခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် မြန်မာ့ လက်ရွေးစင် မသန်စွမ်းအားကစားအဖွဲ့များကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သွားရောက် ဂုဏ်ပြုကြိုဆိုခဲ့သည်။

ထိုနောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဇွန်လ(၁၁)ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)မုန်တိုင်းဒဏ်ကြောင့် ပြည်နယ်၊ အားကစာနှင့်ကာယပညာဦးစီးဌာနရှိ အားကစားကွင်း/အားကစားရုံများ၊ ဝေသာလီအားကစားကွင်း၊ ဓညဝတီအားကစားကွင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(စစ်တွေ) ကျောင်းအတွင်းရှိ အားကစားကွင်း/အားကစားရုံများနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦး ပျက်စီးနေမှုများနှင့် ပြန်လည်ပြုပြင် တည်ဆောက်ပြီးစီးမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ပြုပြင်ရန်ကျန်ရှိသည့် အားကစားကွင်း/အားကစားရုံနှင့် အဆောက်အဦးများအား အမြန်ဆုံးပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီးနောက် ပြည်နယ်မှ ဝန်ထမ်းများအားတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး ဝန်ထမ်းများ၏ အခက်အခဲများ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။