အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများတွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မေ(၁၆)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဝန်ထမ်းများတွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်း အဖွဲ့အစည်းများတွင် အကြီးအကဲများနှင့် ဝန်ထမ်းများ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အရာထမ်း/အမှုထမ်းများ၏ အစီရင်ခံတင်ပြချက်များကို ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းဘောင်အတွင်းမှ ဖြေရှင်းဆောင်ရွက်နိုင်ရန် ဝန်ထမ်းဒါဘာကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများတင်ပြလိုသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြနိုင်ပါကြောင်း၊ ဝန်ထမ်းများ၏ ကိုယ်ရေးကိုယ်တာကိစ္စရပ်များကိုလည်း အကောင်းဆုံးနည်းလမ်းများဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲရလဒ် အောင်မြင်မှုရရှိခြင်းက နည်းပြ/အားကစားသမားများနှင့် ဌာနစိတ်အလိုက် ဝန်ထမ်းများ၏ ပေါင်းစပ် ဆောင်ရွက်မှုကြောင့် အောင်မြင်မှုရရှိခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် လက်ရှိအောင်မြင်မှုကို ကြီးမားသော တာဝန်တရပ်အနေဖြင့် ဆက်လက် ထိန်းသိမ်းသွားရန်လိုကြောင်း၊ မိမိတို့တာဝန်ကို မိမိသိရှိပြီး ဌာန၏ ရည်မှန်းချက်၊ တာဝန်များကို သိရှိလိုက်နာကြဖို့လိုကြောင်း၊ ဝန်ထမ်းများ သက်သာချောင်ချိရေးနှင့် ဝန်ထမ်းသား/သမီးများ၏ ပညာသင်စရိတ် ထောက်ပံ့ပေးနိုင်အောင် ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုံခြုံရေးကို အထူးဂရုစိုက်ပြီး မသင်္ကာစရာ တွေ့လျှင် အဆင့်ဆင့် သတင်းပို့ရန်လိုကြောင်း၊ ရုံးအဆောက်အဦးများ၊ အားကစားကွင်း/အားကစားရုံများတွင် လျှပ်စစ်မီးသုံးစွဲမှုနှင့် ပတ်သက်၍ မီးခလုတ်များကို စနစ်တကျပိတ်၍ ဂရုတစိုက် ဆောင်ရွက်စေလိုကြောင်း၊ ဝန်ထမ်းအိမ်ရာများတွင် ဌာနမှ တပ်ဆင်ပေးထားသော မီးသတ်ဆေးဘူး များ၏ သက်တမ်းကိုကြည့်၍ အသုံးပြုစေလိုကြောင်၊ ရုံးအဆောက်အဦများနှင့် အားကစားကွင်း/ အားကစားရုံများ သန့်ရှင်းသာယာလှပမှုရှိစေရေးကိုလည်း ဂရုတစိုက် ဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနခွဲအသီးသီးမှ အရာထမ်း/အမှုထမ်းများက ၎င်းတို့၏ အခက်အခဲများကို တင်ပြခဲ့ပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးမှ လိုအပ်သည်များ ဖြည့်စွက်ပြောကြားခဲ့ပါသည်။

နိဂုံးချုပ်အနေဖြင့် ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ ဌာနခွဲအသီးသီးမှ ဆွေးနွေးတင်ပြချက် များအပေါ် ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဆောင်ရွက်ပေးနိုင်သည်များကို ချက်ချင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ဖြေရှင်းရန်လိုအပ်သည့်ကိစ္စရပ်များကိုလည်း အကြီးအကဲများထံ ဆက်လက် တင်ပြ ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းကိစ္စရပ်များကို အားလုံးအတူ ပူးပေါင်းဆောင်ရွက် ပေးကြစေလိုပါကြောင်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်း များတက်ရောက်ခဲ့ပါသည်။