အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း နွေရာသီအခြေခံရေကူးသင်တန်းအမှတ်စဉ်(၃/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ မေ(၁၁)။

မျိုးဆက်သစ်ရေကူးအားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီအခြေခံရေကူး သင်တန်းအမှတ်စဉ်(၃/၂၀၂၃)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူးများ၊ နည်းပြဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ၊ တာဝန်ရှိသူများနှင့် မိဘများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသားလူငယ်များအနေဖြင့် အားကစားနည်းအခြေခံများကို လေ့လာလိုက်စားခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးမြင့်မားသည့် အားကစားမောင်မယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ ရေကူးအားကစားနည်းမှ မျိုးဆက်သစ်ရေကူးအားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် အရေးကြုံက သက်လုံကောင်းစေရန် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ အားကစားဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်စေရန်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့်လည်း မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရေးတို့အတွက် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့်လည်း သင်တန်းမှရရှိသည့် နည်းစနစ်နှင့် ကျွမ်းကျင်မှုများကိုအခြေခံပြီး အဆင့်မြင့်ရေကူးအားကစားပညာရပ်များကို ဆက်လက်လေ့လာကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပရာ အသက်(၁၆)နှစ်အထက် (အမျိုးသား/ အမျိုးသမီး) ရေကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုတံဆိပ်နှင့် ဆုကြေးငွေများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက လည်းကောင်း၊ အသက်(၁၂)နှစ်အထက် (အမျိုးသား/အမျိုးသမီး) ရေကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုတံဆိပ်နှင့်ဆုကြေးငွေများကို လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းကလည်းကောင်း၊ ဆက်လက်ပြီး နည်းပြဆရာချီးမြှင့်ငွေအား နည်းပြဆရာများကိုယ်စား နည်းပြဆရာမတစ်ဦးက လက်ခံရယူခဲ့ပြီး အသက်(၁၂)နှစ်အောက်(အမျိုးသား/အမျိုးသမီး)ရေကူးပြိုင်ပွဲ တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုတံဆိပ်နှင့်ဆုကြေးငွေများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းတွင် ဆုရရှိခဲ့သူ(၆)ဦးအား ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် အခမဲ့ရေကူးခွင့် (Member)ကဒ်များ ဂုဏ်ပြုပေးအပ်ခဲ့သည်။

အဆိုပါ နွေရာသီအခြေခံရေကူးသင်တန်း အမှတ်စဉ်(၃/၂၀၂၃)ကို ဝဏ္ဏသိဒ္ဓိရေကူးကန်၌ (၂၂.၄.၂၀၂၃)ရက်နေ့မှ (၁၁.၅.၂၀၂၃)ရက်နေ့အထိ သင်တန်းသား/သင်တန်းသူ (၁၃၅)ဦးဖြင့် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။