အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြားပစ်နည်းပြမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ မေ(၈)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် မြားပစ်နည်းပြမွမ်းမံသင်တန်း (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်  အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီးနောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြားပစ်အားကစားနည်းသည် ကိုရီးယား နိုင်ငံ၏ အားကစားနည်းတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း (၁၉၉၅)ခုနှစ်တွင်စတင်၍ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ကိုဖွဲ့စည်းခဲ့ပြီး အရှေ့တောင်အာရှ၊ အာရှနှင့် ကမ္ဘာ့မြားပစ်အဖွဲ့ချုပ် အဖွဲ့ဝင် နိုင်ငံဖြစ်အောင် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း၊ မြားပစ်အဖွဲ့ချုပ် စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ အရှေ့တောင်အာရှအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့်ပြိုင်ပွဲများ၊ အိုလံပစ်ပြိုင်ပွဲများ၊ Youth Olympic ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ အိမ်ရှင်အဖြစ် နိုင်ငံတကာပြိုင်ပွဲများ လက်ခံကျင်းပနိုင်ခဲ့ကြောင်း နည်းပြများ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ နည်းပြများအနေနှင့်လည်း အားကစားသမား များကို နည်းစနစ်ပိုင်း သင်ကြားပေးရုံမျှမက နည်းဉပဒေ၊ စည်းမျဉ်း/စည်းကမ်းများ၊ စိတ်ပိုင်း ဆိုင်ရာများ၊ ခေါင်းဆောင်မှုပိုင်းဆိုင်ရာများ၊ အာဟာရ ပိုင်းဆိုင်ရာ များကိုလည်း သိရှိထားဖို့လိုကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချပေးလိုက်သော သင်ခန်းစာများကို ကျွမ်းကျွမ်းကျင်ကျင် အထူးကြိုးစားပြီး အရည်အချင်း ပြည့်ဝသော နည်းပြကောင်းများ ဖြစ်လာစေရန် စဉ်ဆက်မပြတ် ကြိုးစားသွားကြရန်လိုကြောင်းနှင့် လက်ရွေးစင်များဖြစ်လာပြီး နည်းပြကောင်းများ ပေါ်ထွက်လာစေရန် အထူးကြိုးစားပေးရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကိုရီးယားနိုင်ငံမှ နည်းပြ Mr. Youn Byung Sun၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် မှတာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများတက်ရောက်ခဲ့ပြီး အဆိုပါ သင်တန်းအား (၈.၅.၂၀၂၃) ရက်နေ့မှ (၁၁.၅.၂၀၂၃) ရက်နေ့အထိ သင်တန်းနည်းပြ(၄)ဦး၊ သင်တန်းသား/ သင်တန်းသူ (၁၄) ဉီးတို့ဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။