အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတက်ရောက်

တောင်ကြီး၊ မေလ(၅)ရက်။     

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်/ ခရိုင်/ မြို့နယ်များရှိ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံလမ်းညွှန်မှာကြားသည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် အရာထမ်း/ အမှုထမ်းများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးက အားကစားဆိုင်ရာကိစ္စရပ်များတင်ပြရာ နိုင်ငံတကာအားကစားပြိုင်ပွဲတွင် ဆုတံဆိပ် ချီးမြှင့်မှုများသည့် ရေကူးအားကစားနည်း သင်တန်းဖွင့်လှစ်နိုင်ရေးနှင့် ပြိုင်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဌာန၏အားကစားရည်မှန်းချက်များအောင်မြင်ရေးနှင့် ရှမ်းပြည်နယ်၏အားကစား ယခုထက် ပိုမို ဖွံ့ဖြိုးရေးအတွက် ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာဖြင့် တာဝန်ထမ်းဆောင်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီးအားကစားကွင်းရုံများအား စစ်ဆေးခဲ့ပါသည်။

ဆက်လက်၍ နံနက်(၁၀:၀၀)နာရီအချိန် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တက်ရောက်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အတွက် လူငယ်ကဏ္ဍသည် အရေးကြီးသဖြင့် လူငယ်ရေးရာဦးစီးဌာနကို တိုးချဲ့ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ လူငယ်ကဏ္ဍာ( ၁၆ )ရပ် အကောင်အထည်ဖော်ရန် ကော်မတီ( ၃ )ရပ် ဖွဲ့စည်းထားပါကြောင်း၊ လူငယ်များဟာ တိုင်းပြည်ရဲ့ အဖိုးတန်ရတနာတွေဖြစ်ပြီး လူ့စွမ်းအား အရင်းအမြစ်များဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ အင်အားကြီးနိုင်ငံဖြစ်ဖို့ လူ့စွမ်းအားအရင်းအမြစ်နှင့် သံယဇာတ (၂)မျိုးလုံးရှိရမှာဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်ရှိ အချို့နိုင်ငံများဟာ သံယဇာတ မရှိသော်လည်း လူ့စွမ်းအားအရင်းအမြစ်များရှိသဖြင့် ကမ္ဘာ့ထိပ်တန်းနိုင်ငံများအဖြစ် ရပ်တည်နေကြကြောင်း တိုင်းပြည်တိုးတက်ဖို့ လူငယ်တွေကို ပြုစုပျိုးထောင်ရန်မှာ လူကြီးတွေမှာ တာဝန်ရှိသလို လူငယ်တွေကိုယ်တိုင် ကြိုးစားရန်တာဝန်ရှိကြောင်း၊ လူငယ်တွေ ဗဟုသုတပြည့်စုံဖို့ စာများများဖတ်ရန် လိုအပ်သလို ကျန်းမာကြံ့ခိုင်ဖို့ အားကစားလိုက်စားပြီး အားကစားဖြင့် နိုင်ငံဂုဏ်ဆောင်နိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်အောင်၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာ လေ့လာသင်ယူရန်သာမက ပြည်သူ့နီတိကိုလည်းသိမှ ယဉ်ကျေးလိမ္မာ၍ လူတော်လူကောင်းများ ဖြစ်လာကြမည်ဖြစ်ကြောင်း မှာကြားပါသည်။

ထို့နောက် လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျင့်ဝတ်၊ စားသုံးသူရေးရာ အသိပညာပေး ခေါင်းစဉ်များဖြင့် တာဝန်ရှိသူအသီးသီးက ဟောပြော၍ ဝူရှူး၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း အားကစားသမားများက သရုပ်ပြခဲ့ကြပြီး၊ ဒုတိယဝန်ကြီးက အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းနှင့် ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးက သရုပ်ပြအဖွဲ့အား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။