အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မိသားစု လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း အားကစားမောင်မယ်များ အတာသင်္ကြန်ပွဲတော်ကျင်းပ

နေပြည်တော်၊ ဧပြီ(၁၄)။

၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလဖြစ်သည့် ဧပြီလ(၁၄)ရက်နေ့မှ (၁၆)ရက်နေ့ အထိ ကျင်းပမည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မိသားစုလမ်းလျှောက်သင်္ကြန်ပွဲတော် အခမ်းအနားကို ယနေ့(အကျနေ့) နံနက်(၈)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဌာနခွဲ အသီးသီးမှကျွေးမွေးသည့် မြန်မာ့ရိုးရာအစားအစာများကို ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပျော်ပျော်ပါးပါး စားသောက်ပြီး လမ်းလျှောက်သင်္ကြန်(အကျနေ့)အား ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနေမှုများကို လှည့်ပတ်ကြည့်ရှုခဲ့သည်။

ဆက်လက်ပြီး ဌာနခွဲများမှ ဝန်ထမ်းများက မြန်မာ့ရိုးရာသင်္ကြန်သီချင်းများ၊ သင်္ကြန်အကများနှင့် Fitness Dance များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့မှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးက ဖျော်ဖြေရေးအဖွဲ့များအား ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၊ အားကစားမောင်မယ်များ အတာသင်္ကြန်မဏ္ဍပ်၌ မြန်မာနိုင်ငံတွင် ပူးတွဲလာရောက်လေ့ကျင့်လျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံမှ ခြင်းလုံးအားကစားမောင်မယ်များ၊ မြန်မာ့လက်ရွေးစင်အားကစားမောင်မယ်များနှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်းမှ အားကစားမောင်မယ်များ၏ ပျော်ပျော်ပါးပါး ရေပက်ကစားနေမှုများအားလည်းကောင်း၊ အားကစားအဖွဲ့များမှ အားကစားမောင်မယ်များ၏ သင်္ကြန်သီချင်း၊ သင်္ကြန်အကများဖြင့် ဖျော်ဖြေတင်ဆက်မှုများအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး မြန်မာ့ရိုးရာအတာသင်္ကြန်(အကျနေ့)အား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

အဆိုပါ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်(အကျနေ့)အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦးနှင့်ဇနီး၊ ဦးနေဝင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်းသိရသည်။