အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ (၃)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်ဝန်ထမ်းများတွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းအဖွဲ့အစည်းများတွင် အထက်အကြီးအကဲများနှင့် ဝန်ထမ်းများ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အခက်အခဲများကို ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းဘောင်အတွင်းမှ ဖြေရှင်းဆောင်ရွက်နိုင်ရန် ဝန်ထမ်းဒါဘာကို ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ဒါဘာတွင် တင်ပြခဲ့သည့် ဝန်ထမ်းများ၏ အခက်အခဲတင်ပြချက်များကို အကြီးအကဲများ၏ လမ်းညွှန်ချက်အတိုင်း ဖြေရှင်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဒါဘာတွင် ဝန်ထမ်းများတင်ပြလိုသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြနိုင်ပါကြောင်း၊ ဝန်ထမ်းများလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ/နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ တာဝန်ထမ်းဆောင်စေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ခွင့်တောင်းခံခြင်းကိစ္စများ၊ ရုံးစာရွက်စာတမ်းလုံခြုံရေးကိစ္စများကို လူမှုကွန်ယက်စာမျက်နှာများပေါ်သို့ တင်ပြခြင်းများ မပြုလုပ်ကြရန်မှာကြားလိုကြောင်း၊ မကြာမီ ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာတော့မှာဖြစ်သည့်အတွက် ရုံးများ၊ အားကစားကွင်း/အားကစားရုံများ၊ ဝန်ထမ်းအိမ်ရာများတွင် မီးဘေးအန္တရာယ်ကင်းရှင်းရေးကို ကြိုတင်စီမံဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ လမ်းညွှန်ချက်အရ ရုံးအဆောက်အဦများ၊ အားကစားကွင်း/အားကစားရုံများတွင် လျှပ်စစ်မီးသုံးစွဲမှုနှင့်ပတ်သက်၍ စနစ်တကျ ဂရုတစိုက် စိစစ်ပြီးဆောင်ရွက်စေလိုကြောင်း၊ ဝန်ထမ်းအိမ်ရာ များတွင် ဌာနမှတပ်ဆင်ပေးထားသော မီးသတ်ဆေးဘူးများကို စနစ်တကျ ထိန်းသိမ်းအသုံးပြုရန်လို ကြောင်း၊ ဝန်ထမ်းအိမ်ရာများ၊ ရုံးအဆောက်အဦများနှင့် အားကစားကွင်း/အားကစားရုံများ သန့်ရှင်းသာယာလှပမှုရှိစေရေးကိုလည်း ဂရုတစိုက်ဆောင်ရွက်ပေးကြရန် ထပ်မံမှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနခွဲအသီးသီးမှ အရာထမ်း/အမှုထမ်းများက ၎င်းတို့၏အခက်အခဲများကို တင်ပြခဲ့ကြပြီးနောက် ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ရှင်းလင်းဖြေကြားခဲ့ပြီး ဝန်ကြီးဌာန၏ လုပ်ငန်းကိစ္စများကို အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ဝန်ထမ်းများမှ မိမိတို့ တာဝန်ယူ ဆောင်ရွက်ရသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ကျွမ်းကျင်တတ်မြောက်မှုရှိရန် လေ့လာသင့်သည့်ပညာရပ်များနှင့် ရုံးလုပ်ငန်း လက်စွဲ၊ ဝန်ထမ်းနည်းဥပဒေ/ဥပဒေများကို လေ့လာဖတ်ရှုပြီး သိရှိနားလည်ထားရန်လိုအပ်ကြောင်း၊ မိမိတို့ တာဝန်ကျရာဒေသများတွင် ပေးအပ်ထားသည့်လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ နောက်ထပ်မံပြုလုပ်မည့် ဆန္ဒထုတ်ဖော်ပွဲ၌လည်း ဝန်ထမ်းများ၏ အခက်အခဲများကို တင်ပြဆွေးနွေးနိုင်ပါကြောင်း၊ ဆောင်ရွက်ပေးနိုင်သည်များကို ချက်ချင်းဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး တင်ပြခွင့်ပြုချက်ဖြင့် ဖြေရှင်းရန်လိုအပ်သည့် ကိစ္စများကိုလည်း အကြီးအကဲများထံ ဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။