အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဂျူဒိုအားကစားသမားများ၏ လက်ရည်ဆန်းစစ်ပြိုင်ပွဲ  ယှဉ်ပြိုင်ကစားနေမှုများနှင့် (ခြင်းလုံး၊ ဘော်လီဘော (အမျိုးသမီး)၊ ဗိုဗီနမ်) အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး

နေပြည်တော်၊ ဖေဖော်ဝါရီ (၂၈)။

၂၀၂၃ ခုနှစ်၊ မေလ (၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားသမားများ၏ နောက်ဆုံးအကြိမ် လက်ရည်ဆန်းစစ်ပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Training Hall No.(1) ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

လက်ရည်ဆန်းစစ် ဂျူဒိုပြိုင်ပွဲတွင် ဝိတ်တန်းအမျိုးအစားအလိုက် ပွဲစဉ်(၃၆)ပွဲ၌ ဂျူဒို အားကစားသမား အမျိုးသား(၁၄)ဦးနှင့် အမျိုးသမီး(၁၄)ဦး၊ စုစုပေါင်း(၂၈)ဦးတို့သည် အုပ်စုအဖွဲ့(၄)ဖွဲ့ခွဲ၍ (ပတ်လည်) ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့် လျက်ရှိသည့် မြန်မာ့လက်ရွေးစင် ခြင်းလုံးအားကစားသမားများ၊ ဘော်လီဘော (အမျိုးသမီး) အားကစားသမားများနှင့် ဗိုဗီနမ်အားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားအဖွဲ့များမှ အုပ်ချုပ်/နည်းပြနှင့်အားကစားသမားများအား ပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်ရန် အချိန်ကာလနီးကပ်လာပြီဖြစ်သည့်အတွက် အားကစားသမားများအနေဖြင့် နည်းပြ ဆရာ၏ သင်ကြားပြသလေ့ကျင့်ပေးမှုအတိုင်း ကြိုးစားလေ့ကျင့်ကြရန်လိုကြောင်း၊ “ကျန်းမာရေးသည် ပထမ၊ စည်းကမ်းသည် ဒုတိယ၊ စံချိန်သည် တတိယ” ဆိုသည့် ဆောင်ပုဒ်အတိုင်း ကျန်းမာရေးသည် အဓိကအရေးကြီးသည့်အတွက် ကံ၊ ဉာဏ်၊ ဝိရိယတို့ဖြင့် ဆင်ခြင်၍ နေထိုင်၊ သွားလာ၊ စားသောက်၊ လေ့ကျင့်မှုများတွင် အထူးဂရုစိုက်ကြရန်လိုကြောင်း၊ ကျန်းမာရေးမကောင်းပါက မိမိတို့ ကြိုးစားလေ့ကျင့် ထားမှုများနှင့် အရည်အချင်း အစွမ်းအစများအား ဖော်ထုတ်ပြသနိုင်မည့် အခွင့်အရေးဆုံးရှုံးနိုင်ကြောင်း၊ အားကစားသမားများအနေဖြင့် မိမိနိုင်ငံဂုဏ်သိက္ခာ မြှင့်တင်နိုင်ရန်၊  ပြိုင်ပွဲတွင် အဆင့်တန်းမြင့်မြင့်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ယခုကတည်းက အစွမ်းကုန် ကြိုးစားလေ့ကျင့်ကြရန်နှင့်  အောင်မြင်မှု ဆုတံဆိပ်များရရှိအောင်  နောက်ဆုံးအချိန်ထိ မဆုတ်မနစ်သော ဇွဲ၊ စိတ်ဓာတ်တို့ ဖြင့် ရေကုန်ရေခန်း အားသွန်ခွန်စိုက် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားကြရန်လိုကြောင်း၊ မိမိခံနိုင်ရည်အားနှင့်သက်လုံ ပိုမို တိုးတက်ကောင်းမွန်ပြီး နည်းစနစ်၊ နည်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်၍ ကျွမ်းကျင်မှုရှိအောင် ကြိမ်ဖန်များစွာ လေ့ကျင့်သွားကြရန်လိုကြောင်း၊ နည်းပြများအနေဖြင့် အားကစား သမားများ၏ လိုအပ်ချက်များ၊ အခက်အခဲများကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် တာဝန်ရှိသူ များအား အချိန်နှင့်တစ်ပြေးညီ တင်ပြပေးသွားရန်လိုကြောင်း၊ နည်းပြများအချင်းချင်း ညီအစ်ကို မောင်နှမကဲ့သို့ စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်သွားကြရန်လိုကြောင်း ပြောကြားခဲ့ ပြီးနောက် ပြည်ထောင်စုဝန်ကြီးက ဗိုဗီနမ်အားကစားနည်းမှ မကေဇင်သိမ်းအား လိုအပ်သည့် ဆေးကုသရန် အတွက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။