အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာစိုးဝင်း လူငယ်ရေးအသိပညာပေးဟောပြောပွဲ တက်ရောက်အမှာစကားပြောကြား

ပုသိမ်၊ ဖေဖော်ဝါရီ (၂၂)။

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ပုသိမ်ပညာရေးဒီကရီကောလိပ်၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပညာရေးဒီဂရီကောလိပ်တွင် ပညာသင်ကြားနေသည့်သူများသည် အနာဂါတ်အတွက် ကျောင်းသား ကျောင်းသူများကို ပညာသင်ကြားပေးမည့် ဆရာ/ဆရာမအလောင်းအလျာများဖြစ်၍ နောင်တစ်ချိန်၌ လူငယ်များကို ပြုစုပျိုးထောင်ရန် တာဝန်ရှိသူများဖြစ်သည့်အတွက် ဗလငါးတန်ဖွံ့ဖြိုးဖို့၊ ဆင်ခြင်တုံတရားလက်ကိုင်ထားရန် ၊ စိတ်ကောင်းစေတနာကောင်းထားရှိရန်၊ မိမိကိုယ်ကိုမိမိ လေးစားတန်ဖိုးထားတတ်စေရန်နှင့်၊ IQ (Intelligence Quotient) ဉာဏ်ရည်ဉာဏ်စွမ်းရှိဖို့၊ EQ (Emotional Quotient) ရိုးသားမှု၊ နှိမ့်ချမှု၊ အလိုက်သိနားလည်မှုတွေရှိဖို့၊ AQ (Adversity Quotient) အခက်အခဲတွေ့ကြုံချိန်တွင် ဖြေရှင်းနိုင်မှု၊ အနိုင်ရရှိမှုကို လက်ခံတတ်သလို အရှုံးကိုလည်းရင်ဆိုင်တတ်မှုတွေရှိဖို့ လိုအပ်ကြောင်း စသည်ဖြင့် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အချက် အလက်များကို ဥပမာများဖြင့်ပေးကာ ဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်‌ထောက်ညွှန်ကြားရေးမှူး ဦးသိန်းစံက လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မာလာဝင်းက ပုသိမ်ပညာရေးဒီဂရီကောလိပ် ကျောင်းသား/သူများအတွက် စိတ်ခွန်အားဖြစ်စေရန် စာပေဗဟုသုတများကို များများဖတ်မှတ်လေ့လာကြရန်၊ ကျန်းမာရေးနှင်သက်ဆိုင်သော ဗဟုသုတ စာပေများကိုဖတ်ရန် ၊ ငယ်ရွယ်စဉ်အချိန်အခါက လူငယ်ဘဝတွင်သီဆိုခဲ့ကြဖူးသော “မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်၊ မိမိအတန်းကိုကောင်းအောင်ကြိုးစားမည်၊ မိမိကျောင်းကိုကောင်းအောင်ကြိုးစားမည်” ဆိုသောဆောင်ပုဒ်အတိုင်း ရှေးဦးစွာ မိမိကိုယ်ကိုကောင်းအောင်ကြိုးစားကြခြင်ဖြင့် နိုင်ငံတော်ကြီးကိုကောင်မွန်၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရေးအား ဥပမာများပေး၍ ဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ အစီအစဉ်အရ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းမှ ပုသိမ်ပညာရေးဒီဂရီကောလိပ်သို့ အားကစားပစ္စည်းများ ပေးအပ်ရာ ပုသိမ်ပညာရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီးမှ လက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရသည်။