အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တရုတ်နိုင်ငံတွင် (Joint Training) ပူးတွဲသွားရောက် လေ့ကျင့်လျက်ရှိသော မြန်မာအားကစားအဖွဲ့များအား တွေ့ဆုံ လမ်းညွှန်အမှာစကားပြောကြား

နေပြည်တော်၊ ဒီဇင်ဘာလ(၁၃)ရက်။

(၁၂.၅.၂၀၂၂) ရက်နေ့မှ (၂၃.၅.၂၀၂၂) ရက်နေ့အထိ ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစား အဖွဲ့များ အောင်မြင်မှုရရှိစေရန်အတွက် တရုတ်နိုင်ငံတွင် (Joint Training) ပူးတွဲသွားရောက် လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် ဝူရှူး၊ အလေးမ၊ ဘော်လီဘော၊ လက်ဝှေ့နှင့် ပြေးခုန်ပစ် မြန်မာအားကစားအဖွဲ့များ၏ လေ့ကျင့်လှုပ်ရှားမှု၊ နေထိုင်စားသောက်မှု အခြေအနေများနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့နံနက် (၁၀)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများမှ (Video Comferencing) စနစ်ဖြင့် တက်ရောက်တွေ့ဆုံပြီး လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးအား မြန်မာအားကစားအဖွဲ့များမှ အဖွဲ့လိုက် မိတ်ဆက်ဂါဝရပြုပြီး နောက် ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင်

– (၃၁) ကြိမ်မြောက် SEA Games ပြိုင်ပွဲများကို (၂၀၂၂) ခုနှစ်၊ မေလတွင် ကျင်းပတော့မည် ဖြစ်ပြီး၊ (၃၂) ကြိမ်မြောက် SEA Games ပြိုင်ပွဲများကိုလည်း (၂၀၂၃) ခုနှစ်၊ မေလတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊

– ပြိုင်ပွဲနီးကပ်လာပြီဖြစ်သည့်အတွက် ကျန်းမာရေးအထူးဂရုစိုက်ကြရန် လိုအပ်ကြောင်း၊

– လေ့ကျင့်ရေးသုံးပစ္စည်း၊ ပြိုင်ပွဲသုံးပစ္စည်းအခြေအနေ၊ လေ့ကျင့်မှုအခြေအနေနှင့် လိုအပ်ချက် များ ဆွေးနွေးတင်ပြပေးရန် လိုအပ်ကြောင်း၊

– စိတ်ခံစားမှုများအား ရှေ့တန်းမတင်ဘဲ ကြုံတွေ့နေသည့်အခက်အခဲများ၊ ဖြစ်သင့်သည်များ ကို မှန်မှန်ကန်ကန်တင်ပြရန် လိုအပ်ကြောင်း၊

– ဖေဖော်ဝါရီလတွင် မြန်မာအားကစားအဖွဲ့များအား အသုတ်များခွဲ၍ တရုတ်နိုင်ငံမှ ပြန်လည်ခေါ်ယူပြီး မိမိတို့နိုင်ငံတွင် ပြန်လည်လေ့ကျင့်နိုင်ရေးအတွက် ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း၊

– အားကစားသမားများအားလုံး မိမိကိုယ်ကို ယုံကြည်မှုရှိရန်နှင့် ထိခိုက်ဒဏ်ရာမရအောင်၊ စံချိန်များ တိုးတက်အောင် အစစအရာရာ ဂရုစိုက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသည့် မြန်မာအားကစားအဖွဲ့များမှ လေ့ကျင့်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေးနှင့် ဆေးကုသမှုဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်ရေးအထောက်အကူပြု ပစ္စည်းဆိုင်ရာကိစ္စရပ်များ၊ နည်းပြများနှင့်နည်းစနစ်ပိုင်းဆိုင်ရာကိစ္စရပ်များကို အသီးသီး တင်ပြ ဆွေးနွေးခဲ့ကြရာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် တရုတ်နည်းပြများ၏ လေ့ကျင့်မှုများကို မခိုမကပ်ပဲ သေချာကြိုးစားလေ့ကျင့်ကြရန် လိုအပ်ကြောင်း၊ လူငယ်လေ့ကျင့်ရေး စခန်း (Youth Camp) ကို အားကစားသမား (၁၆၅) ဦးဖြင့် နှစ်ရှည် လေ့ကျင့်ပေးနိုင်ရေးအတွက် ဖွင့်လှစ် လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း၊ လာမည့် SEA Games ပြိုင်ပွဲတွင် အောင်မြင်မှု ဆုတံဆိပ်ရရှိအောင် စံချိန်/ စံညွှန်းများ ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားလေ့ကျင့် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ နည်းပြများအနေဖြင့် အားကစားသမားများ၏ အခြေအနေများကို မှန်မှန်ကန်ကန် တင်ပြပေးရန်လိုအပ်ကြောင်း၊ မြန်မာအားကစားအဖွဲ့များ အားလုံး နေထိုင်စားသောက်မှု နှင့် လေ့ကျင့်မှုပိုင်းတို့တွင် အစစအရာရာ ဂရုစိုက်ပြီး Covid- ၁၉ ရောဂါမကူးစက်ရအောင် အထူး ဂရုစိုက်နေထိုင်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။