အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့သို့သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ (၂၉)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အတွင်းရေးမှူး ဦးနေမင်းသူနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် (၈)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းသို့ သွားရောက်၍ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများအား သွားရောက်လှူဒါန်းခဲ့ပြီးနောက် ထေရဝါဒဗုဒ္ဓသာသနာပြု (သီလရှင်)ကျောင်းသို့ သွားရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပေးအပ်လှူဒါန်းလိုက်သော မြဝတီစာပေတိုက်မှထုတ်ဝေသည့် စာအုပ်၊ စာဆောင်များအား ကိုယ်စားလှူဒါန်းခဲ့ပြီး လှူဖွယ် ပစ္စည်းများနှင့် ဝတ္ထုငွေများအားဆက်ကပ်လှူဒါန်းခဲ့ပြီးနောက်  သုတဥယျာဉ် စာကြည့်တိုက်အတွင်းရှိ ဗဟုသုတရရှိစေမည့် သုတ၊ ရသ စာအုပ် စာပေများ ထားရှိမှုများအား သွားရောက်ကြည့်ရှုခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လဟယ်မြို့ရှိ နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပသည့် ရွှေပြည်သာ အားကစားကွင်းသို့ သွားရောက်ကြည့်ရှု၍  နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဘက်စုံအသုံးပြုနိုင်သည့် (Synthetic)ပြေးလမ်းပါ ဘက်စုံသုံးအားကစားကွင်းအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း၊  ဘောလုံးကွင်းဧရိယာအား သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီဖြစ်စေရေးအတွက် စနစ်တကျ တိုင်းတာဆောင်ရွက်ပေးသွားမည်ဖြစ်ရာ တိုးချဲ့ရန်လိုအပ်သည့် မြေနေရာအား ဒေသအာဏာပိုင်အဖွဲ့အပါအဝင် တာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးစေလိုကြောင်းပြောကြားခဲ့ပြီး ဘောလုံးကွင်းအား အသစ်ပြန်လည်တည်ဆောက်ပြီးပါက မြက်ခင်းများ စိမ်းလန်းစိုပြေစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေရှည်ထိန်းသိမ်းနိုင်ရန်အတွက် စနစ်တကျဆောင်ရွက်ရမည့် နည်းလမ်းများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။