အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်၊ ဇန်နဝါရီ (၂၃)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်လျက်ရှိသည့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော်၌ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ကချင်ပြည်နယ် အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေး ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ခန့်တည်ကြည်ကုမ္ပဏီ နှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ မဏိကမ္ဘာကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လျှာထိုး ကြမ်းခင်း အသစ်ပြန်လည်ခင်းကျင်းနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲစေရေး သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မှီစေရန် နှင့် အချိန်မီပြီးစီးရေး စေတနာထားဆောင်ရွက်ပေးရန် ကုမ္ပဏီမှတာဝန်ရှိသူများကို မှာကြားခဲ့ပြီး နောက် အားကစားရုံအတွင်း နံရံပတ်လည်တွင် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစား သမားများ၏ ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများနှင့် အောင်မြင်မှုဆုတံဆိပ်ရရှိခဲ့သည့် မှတ်တမ်းဓါတ်ပုံ များကို ချိတ်ဆွဲထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်နှင့် အားကစားရုံအရှေ့မျက်နှာစာတွင် သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်းစိုပြေမှုရှိစေရေးတို့အတွက် ဘဲစာမြက်ခင်းများ၊ ပန်းပင်များနှင့် ပျိုးပင်များစိုက်ပျိုးသွားရန် အားကစားကွင်း/အားကစားရုံဌာနခွဲမှ တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ စားရိပ်သာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အစားအသောက်များကို သန့်သန့်ရှင်းရှင်းဖြင့် အရသာရှိအောင် စေတနာထားချက်ပြုတ်ကျွေးမွေးရန်လိုကြောင်း၊ အားကစားနည်းအလိုက် အားကစား သမားများအတွက် တစ်နေ့တာလိုအပ်သည့် ကယ်လိုရီပမာဏနှင့် အာဟာရညီညွှတ်မျှတအောင် စနစ်တကျကျွေးမွေးနိုင်ရန် အားကစားဆေးဘက်ဌာနခွဲမှ ကျွမ်းကျင်သူများနှင့် တိုင်ပင်ညှိနှိုင်းပြီး စနစ်တကျတွက်ချက်၍ ဆောင်ရွက်သွားရန် စားရိပ်သာတာဝန်ခံအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။