အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ South East Asian Games Federation (SEAGF) Council အစည်းအဝေးတက်ရောက်

နေပြည်တော်၊ ဒီဇင်ဘာလ(၇)ရက်။

အရှေ့တောင်အာရှနိုင်ငံများ၏ အားကစားပြိုင်ပွဲများဖြစ်သော SEA GAMES ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် South East Asian Games Federation (SEAGF) Council အစည်းအဝေးအား ယနေ့မွန်းလွဲ (၁၂)နာရီ(၃၀)မိနစ် အချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ SEAGF Office အဖွဲ့ဝင်များမှ ဦးဆောင်၍ အရှေ့တောင်အာရှနိုင်ငံများမှ အိုလံပစ်ကော်မတီ ဥက္ကဌများတက်ရောက်ကြပြီး မြန်မာနိုင်ငံမှ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊  မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီမှ တာဝန်ရှိသူများ နေပြည်တော်၊ ရုံးအမှတ် (၃၁)အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါ သည်။        

အစီအစဉ်အရ ဖွင့်ပွဲအခမ်းအနားအား South East Asian Games Federation (SEAGF) ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားပြီးနောက် တက်ရောက်လာကြသည့် အရှေ့တောင်အာရှနိုင်ငံအသီးသီးမှ အိုလံပစ်ကော်မတီဥက္ကဌများမှ အသီးသီး မိတ်ဆက်စကားများပြောကြားခဲ့ပါသည်။

ထိုသို့ပြောကြားရာတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဌအနေနှင့် မိတ်ဆက်စကားပြောကြားပြီး မိမိတို့နိုင်ငံအနေနှင့် (31st) SEA GAMES နှင့် (32nd) SEA GAMES ပြိုင်ပွဲများအောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဒေသတွင်း အရှေ့တောင်အာရှနိုင်ငံများ အားကစားဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာနိုင်ငံအနေနှင့် အကောင်းဆုံးပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် (31st) SEA GAMES ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဗီယက်နမ်နိုင်ငံမှ ပြိုင်ပွဲကျင်းပရေးအတွက် ပြိုင်ပွဲအား ၂၀၂၂ ခုနှစ်၊ မေလ (၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ အားကစားနည်း (၄၀)အား ပြိုင်ပွဲအမျိုးအစား (၅၂၆)မျိုးကို ဗီယက်နမ်နိုင်ငံ မြို့ကြီး(၁၂)မြို့၌ လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့ပြီး၊ (32nd) SEA GAMES ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကမ္ဘောဒီးယားနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဌမှ ပြိုင်ပွဲအား ၂၀၂၃ ခုနှစ်၊ မေလ (၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ မြို့ကြီး (၅)မြို့၌ အောင်မြင်စွာကျင်းပနိုင်ရေး စီစဉ်ထားရှိပါကြောင်း တင်ပြဆွေးနွေးပြီး အစည်းအဝေးတက်ရောက်လာကြသည့် အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံ အိုလံပစ်ကော်မတီများမှ (31st) SEA GAMES ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွင့်ပွဲ/ပိတ်ပွဲနှင့် တည်းခိုရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ ဝင်ခွင့်ကဒ်ပြုလုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များ အသီးသီး ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

ယခု အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ (32nd) SEA GAMES ပြိုင်ပွဲအား လက်ခံကျင်းပမည့် ကမ္ဘောဒီးယားနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဌအား South East Asian Games Federation (SEAGF) ပူးတွဲဥက္ကဌ ခန့်အပ်ကြောင်း အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။