အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲပါဝင်ဆင်နွှဲ

နေပြည်တော်၊ ဒီဇင်ဘာ (၁၀)။

လူတစ်ဦးချင်းမှအစပြု၍ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီး စိတ်နှလုံးရွှင်လန်းစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် မြန်မာ့အားကစားလောကအဆင့်အတန်းတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် “၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ်စုပေါင်းလမ်းလျှောက်ပွဲ” များကို မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ပြုလုပ်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ဒီဇင်ဘာလ (ဒုတိယအပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်သည်။

အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်ထောင်စုအဆင့်ဗဟို အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ စုစုပေါင်းအင်အား (၄၀၀၀) ဦးခန့် ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း သတ်မှတ် လမ်းကြောင်းများအတိုင်း ပျော်ပျော်ပါးပါး လမ်းလျှောက်ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁)၊ (၂)နှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများကို စုပေါင်းပါဝင် လှုပ်ရှားဆောင်ရွက်ခဲ့ကြပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာနက ရေသန့်ဗူး၊ Royal-D နှင့် အာဟာရမုန့်များ ပေးဝေခဲ့ကြသည်။

၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ်စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအပြင် ဝန်ထမ်းမိသားစုဝင်များပါ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။