အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ အားကစားသမားကော်မတီမှပြုလုပ်သည့် “Stronger Together” အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ(၂၉)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ အားကစားသမားကော်မတီမှ “Stronger Together” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အားကစားသမားကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အားကစားသမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာအားကစားသမားများအနေဖြင့် နိုင်ငံတကာအားကစား ပြိုင်ပွဲများသို့ သွားရောက်မယှဉ်ပြိုင်မီ သိရှိထားသင့်သည့်ကိစ္စရပ်များဖြစ်သော တားမြစ်ဆေးဝါး၊ အားကစားစိတ်ပညာနှင့်စပ်လျဉ်းသော အသိပညာများရရှိလာစေရန် ရည်ရွယ်၍ ယခုဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ အားကစားသမားတစ်ဦး၏ အခွင့်အရေးများနှင့် လိုက်နာရမည့် တာဝန်ဝတ္တရားများအပေါ် အခြေခံ၍ မိမိတို့နိုင်ငံ၏ အားကစားအဆင့်အတန်းကို တိုးတက်မြင့်မားလာစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြန်မာအားကစားသမားများအနေဖြင့် အခြားနိုင်ငံများနည်းတူ မိမိတို့နိုင်ငံတွင်လည်း အားကစားသမားကော်မတီ ဖွဲ့စည်းထားရှိသည်ကို သိရှိစေလိုပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရရှိရေးကိုမျှော်မှန်း၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသော တာဝန်ရှိပုဂ္ဂိုလ်များနှင့် အတတ်ပညာရှင်၊ အသိပညာရှင်များမှ ဦးဆောင်၍ အားကစားသမား လူငယ်မောင်မယ်များနှင့် ပွင့်လင်းရင်းနှီးစွာဖြင့် အပြန်အလှန် နှီးနှောဖလှယ်ဆွေးနွေး၍ ရရှိလာမည့် အချက်အလက်များကို ပြုစုတင်ပြပြီး နောင်လာမည့် ပြည်တွင်းဖိတ်ခေါပြိုင်ပွဲများ၊ အရှေ့တောင်အာရှ၊ အာရှနှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် အကောင်းဆုံး ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် အမိနိုင်ငံတော်၏ဂုဏ်ကို အားကစားဖြင့်မြှင့်တင်နိုင်ပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့လက်ရွေးစင် အားကစားမောင်မယ်များဖြစ်လာအောင် အထူးကြိုးစားသွားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဆွေးနွေးပွဲအခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ အားကစားသမားကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းမှ အားကစားကော်မတီလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ရီရီဝင်းမှ အားကစားသမားဘဝအပြီး ဘဝရည်မှန်းချက်ချမှတ်နိုင်ရေးနှင့်စပ်လျဉ်း၍ ဟောပြောဆွေးနွေးပို့ချခြင်း၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ထားဝယ်တက္ကသိုလ်စိတ်ပညာဌာန၊ ပါမောက္ခ ဒေါက်တာမေလွင်ငြိမ်းမှ အားကစားစိတ်ပညာဆိုင်ရာ လေ့ကျင့်ရေးနှင့်ပညာရေး ပေါင်းစပ်ဆောင်ရွက်နိုင်မှုများနှင့်စပ်လျဉ်း၍ ဟောပြောပို့ချခြင်း၊ အားကစားဆေးဘက်ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထက်ဝေမှ တားမြစ်ဆေးဝါးနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးပို့ချခြင်းနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ အားကစားသမားကော်မတီ အတွင်းရေးမှူး ဒေါ်စိုးစိုးမြာမှ အားကစားကော်မတီ၏ စည်းမျဉ်းပါ အားကစားသမားတစ်ဦး၏ တာဝန်များ၊ အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ဟောပြောဆွေးနွေးပို့ချခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်များမှ အားကစားကဏ္ဍနှင့်ပတ်သက်ပြီး အားကစားသမားများ သိသင့် သိထိုက်သည်များကို သိရှိနားလည်စေရန်နှင့် အသိပညာများတိုးပွားစေရန် အားပေးအမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများမှ အုပ်စု (၁၀)ဖွဲ့ခွဲ၍ Guiding Questions များကို အဖွဲ့ကိုယ်စားလှယ်များမှ ဆွေးနွေးတင်ပြခဲ့မှုများအပေါ် အားကစားသမားကော်မတီ အတွင်းရေးမှူး ဒေါ်စိုးစိုးမြာမှ အနှစ်ချုပ်ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဆွေးနွေးပွဲတွင် ဟောပြောပို့ချပေးခဲ့သူများကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး အားကစားသမားများမှ တင်ပြဆွေးနွေးခဲ့သော အကြောင်းအရာများအနက်မှ ဖြစ်သင့်ဖြစ်ထိုက်သည့် အချက်အလက်များကို အမြန်ဆုံးပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။