အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ(၂၈)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဦးဆောင်သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲအား စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုအဆင့်ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးအား ယနေ့နံနက်(၁၀) နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ခေါ်ယူသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ မိမိတို့ဌာန၏ အဓိကတာဝန်ကြီး(၂)ရပ်မှာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးဖြစ်ပါကြောင်း၊ ယခုအခါ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို တိုးချဲ့ ဖွဲ့စည်းခဲ့ချိန်မှစ၍ လူငယ်/လူရွယ်များ၏ ကျန်းမာကြံ့ခိုင်မှု၊ အသိပညာဗဟုသုတပြည့်စုံကြွယ်ဝမှု၊ အရည်အချင်းပြည့်ဝမှု၊ မျိုးချစ်စိတ်/နိုင်ငံချစ်စိတ်ရှိမှုများအပါအဝင် လူငယ်လူရွယ်များအား ဘက်စုံထောင့်စုံမှ အရည်အသွေးမြှင့်တင်ပေးနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ် ဒီဇင်ဘာလအား လူထုအားကစားလအဖြစ်သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစုပေါင်း လမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ၊ Physical Fitness Dance များ စုပေါင်း ဆောင်ရွက်မှာဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသားရေးအသိဖြင့် ဝန်ကြီးဌာနများအားလုံး အင်ပြည့်အားပြည့် ပူးပေါင်းဆောင်ရွက်ပေးသွားရန် တိုက်တွန်းပြောကြားလိုကြောင်း၊ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များ အပါအဝင် တစ်နိုင်ငံလုံးရှိ ပြည်သူတစ်ရပ်လုံး အင်တိုက်အားတိုက် ပူးပေါင်းပါဝင်လှုပ်ရှားကြရန် အထူးလိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ ဆွေးနွေးတင်ပြရာတွင် ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲကို နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလအပတ်စဉ် စနေနေ့တိုင်း လူထု အားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲအားဆောင်ရွက်ပါကြောင်း၊ နေပြည်တော်တွင် စုပေါင်းလမ်းလျှောက်ပွဲများအား ၂၀၀၆ ခုနှစ်မှ စ၍ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သော်လည်း ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် နှင့် ၂၀၂၁ ခုနှစ်များတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်းမြင့်မားနေသည့်အတွက် ဆောင်ရွက်ခြင်း မပြုနိုင်ခဲ့ပါကြောင်း၊ ယခုနှစ်တွင် ကိုဗစ်-၁၉ရောဂါ အတိုင်းအတာတစ်ခုအထိ လျော့နည်း လာသောကြောင့် စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပွဲများ ပြန်လည်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ လူထုအားကစား လှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့တိုင်း ဝဏ္ဏသိဒ္ဓိ အားကစားဝင်း အတွင်း နံနက်(၅:၄၅)နာရီတွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စုပေါင်းလမ်းလျှောက်ပွဲနှင့် ပတ်သက် သည့်ကိစ္စရပ်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူထုအားကစားနှင့်ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူးဦးဌေးအောင်မှ ပြောကြားရာတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲများ စည်ကား သိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ချမှတ်ထားသောလုံခြုံရေးတာဝန်များ၊ စည်းမျဉ်း/ စည်းကမ်းများ၊ သတင်းမှတ်တမ်းရိုက်ကူးရာတွင် ဌာနအလိုက် အစီအစဉ်တကျ လှလှပပ ညီညီညာညာဖြင့် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးဆောင်ရွက်နိုင်ရန် စနစ်တကျပြုလုပ်ထားပါကြောင်း၊ ဒီဇင်ဘာလူထု အားကစားလှုပ်ရှားမှုအထိမ်းအမှတ်ပွဲများအပြင် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ ဓါတ်ပုံပြိုင်ပွဲများကိုလည်း ဝန်ကြီးဌာနများမှ စိတ်ပါဝင်စားသူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ရှင်းလင်းတင်ပြသွားပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ဝန်ကြီးဌာနကိုယ်စားလှယ်များမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ်စုပေါင်းလမ်းလျှောက်ပွဲကို လုံခြုံမှုအပြည့်ဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး အသီးသီးဆွေးနွေးတင်ပြခဲ့ကြပါသည်။

၎င်းနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ဝန်ကြီးဌာနကိုယ်စားလှယ်များမှ အထွေထွေဆွေးနွေးချက်များကို ပေါင်းစပ်ညှိနှိုင်းပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထု အားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် အစည်းအဝေးသို့ တက်ရောက်လာကြသော ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။