အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းမှ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၂/၂၀၂၂)သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ (၂၈)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဖွင့်လှစ်သည့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့ မွန်းလွဲ(၃:၃၀)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဦးစွာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ဝန်ထမ်းများ တစ်ဦးချင်းလုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန် သာမက မိမိတို့ဦးစီးဌာန၏ မူဝါဒရည်မှန်းချက်များပြည့်မီစေရေး အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ အောင်မြင်အောင် ဆောင်ရွက်ရာတွင် ဝန်ထမ်းစည်းမျဉ်း/ စည်းကမ်းများ၊ ဘဏ္ဍာရေး စည်းမျဉ်း/စည်းကမ်းများနှင့် ရုံးလုပ်ငန်းများကို အချိန်တိုအတွင်း ပိုမိုသိရှိ နားလည်ပြီး ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်သင်ကြား ပေးရခြင်းဖြစ်ပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သည့် “ လူငယ်အင်အား စွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင် အလင်းဆောင်အံ့” ဆိုသည့်အတိုင်း “ ဆယ်ကျော်သက်အရွယ် မြန်မာနိုင်ငံသား လူငယ်များ” ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူငယ်ရေးရာကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန်အတွက် လူငယ်ရေးရာဦးစီးဌာနကို တိုးချဲ့ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ ကဏ္ဍပေါင်းစုံမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးများ တိုးတက်အောင် ယခုသင်တန်းတွင် သင်ကြားပို့ချခဲ့သည့် သင်ခန်းစာများကို လက်တွေ့အသုံးချပြီး ဝန်ထမ်းအချင်းချင်း နိုင်ငံ့ဝန်ထမ်းကောင်းစိတ်ဓါတ်၊ မိသားစုစိတ်ဓါတ်ဖြင့် ရိုင်းပင်းကူညီပြီး တစ်ဦးနှင့်တစ်ဦး အတူတကွ ပူးပေါင်းဆောင်ရွက်၍ စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို စိတ်စေတနာအပြည့်အဝထားပြီး ကျေပွန်အောင် ထမ်းဆောင်၍ နိုင်ငံတော်က အားထားရသည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက သင်တန်းသား/သင်တန်းသူများ ကိုယ်စား သင်တန်းသား/ သင်တန်းသူ(၂)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့သည့် (မသန်စွမ်းလူငယ်ဌာနခွဲ)မှ ဒေါ်ဇင်မွန်လှိုင်အား သင်တန်းထူးချွန်ဆုကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါ သင်တန်းကို (၁၄.၁၁.၂၀၂၂)ရက်နေ့မှ (၂၈.၁၁.၂၀၂၂)ရက်နေ့အထိ (၂)ပတ်ကြာ ဖွင့်လှစ် သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၂၂)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။