အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ရှိ (၆)ခန်းတွဲ (၄)ထပ်အိပ်ဆောင် တည်ဆောက်နေမှုအခြေအနေအားကြည့်ရှုစစ်ဆေး၍ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ

ရန်ကုန်၊ နိုဝင်ဘာလ(၂၆)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါလျက် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ရောက်ရှိပြီး (၆)ခန်းတွဲ (၄)ထပ်အားကစားသမားအိပ်ဆောင် ဆောက်လုပ်နေမှု အခြေအနေအား လာရောက်ကြည့်ရှုစစ်ဆေး၍

– ယခုဆောက်လုပ်နေသည့်လုပ်ငန်းခွင်ကို အရည်အသွေးပြည့်ဝပြီး အချိန်မီပြီးစီးအောင်ဆောင်ရွက်ပေးရန်နှင့် ဆောက်လုပ်ရေးအဖွဲ့မှ လိုအပ်ချက်များတင်ပြလျှင်လည်း မိမိတို့ ဝန်ကြီးဌာနမှ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊

– အဆောက်အဦအနောက်ဘက်ရှိ မြေနံရံပြိုကျမှု မဖြစ်စေရန် မြေကာနံရံနှစ်ဆင့် ပြုလုပ်ပေး၍ သဘာဝဘေးအန္တရာယ်ကိုခံနိုင်ရည်ရှိရန် လိုအပ်ကြောင်း၊ အဆောက်အဦ မျက်နှာစာလှပရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

– တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အကုန်တွင် အပြီးသတ် တည်ဆောက် နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းတင်ပြပါသည်။

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံလှေလှော်အားကစားအဖွဲ့ချုပ်ရှိ လူငယ်အားကစားသမားများနှင့် လက်ရွေးစင်အားကစားသမားနှင့်တွေ့ဆုံ၍ အားပေးအမှာစကား ပြောကြားရာတွင်

– အားကစားသမားများအနေဖြင့် မိမိတို့လုပ်ဆောင်ရမည့် လေ့ကျင့်ရေးအပိုင်းကို ပုံမှန်လုပ်ဆောင်နေသည်ကိုသိရှိရ၍ ဝမ်းမြောက်ပါကြောင်း၊ ကျန်းမာရေးကို အထူးဂရုစိုက်ရန် လိုအပ်ကြောင်း၊

– ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါပိုးပျံနှံမှုနှုန်းမှာ လျော့သွားသော်လည်း မပေါ့ဆရန် လိုအပ်ပါကြောင်း၊

– အားကစားသမားများအတွေ့အကြုံကောင်းများ ရရှိစေရန်အတွက် ဖိတ်ခေါ်ပြိုင်ပွဲများကိုလည်း စေလွှတ်သွားမည်ဖြစ်ကြောင်း၊

– ထိုင်းနိုင်ငံပတ္တရားမြို့တွင် ကျင်းပခဲ့သည့် (၁၄)ကြိမ်မြောက် အာရှနဂါးလှေလှော်ပြိုင်ပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအသင်း၊ အင်ဒိုနီးရှားနိုင်ငံအသင်းတို့ပါဝင်သည့်အတွက် ဒုတိယ ဆုတံဆိပ်များသာ ရရှိခဲ့သော်လည်း လေ့ကျင့်ထားသည့် စံချိန်တွေထက် သာလွန်သည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊

– နိုင်ငံတော်အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပူးတွဲလေ့ကျင့်ရန် စေလွှတ်ခြင်းနှင့်ပတ်သက်၍ မြန်မာ့အားကစားအောင်နိုင်ရေးအတွက် အထောက်အကူပြု အကျိုးရှိစေရန် သေချာစိစစ်၍ စေလွှတ်ပေးနေခြင်း ဖြစ်ပါကြောင်း၊

– အားကစားလေ့ကျင့်မှုသည့် သွားရောက်လေ့ကျင့်ရသည့် နေရာက အဓိက မဟုတ်ဘဲ ကြိုးစားလေ့ကျင့်လိုသည့် မိမိ၏စိတ်ဆန္ဒကသာ အဓိကကျပါကြောင်း၊

– ယခုအခါ နိုင်ငံတော်က အားကစားကို ချီးမြှောက်နေပြီး ယခင်ရွှေခေတ် နိုင်ငံ့ဂုဏ်ဆောင်ခဲ့သော အားကစားသမားကြီးများ၏ လူတွေ့မေးမြန်းခန်းတွင် ယခုခေတ် အခြေအနေနှင့် ၄င်းတို့ခေတ် အခြေအနေကိုနှိုင်းယှဉ်ပြ၍ နိုင်ငံတော်မှ အားကစားကို အားပေးနေသည့်အချိန်၌ မျိုးဆက်သစ်အားကစားသမားများအား အစွမ်းကုန်ကြိုးစား၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအား စွမ်းပကားမြင့်မားစွာဖြင့် ကြိုးစားစေလိုကြောင်း ပြောကြားခဲ့မှုများကို အလေးထားသိရှိစေလိုကြောင်း၊

– အားကစားသမားများအနေဖြင့် မိမိကိုယ်ကို နှိမ့်ချရန်မလိုအပ်သလို မာနထောင်လွှားရန်လဲ မလိုအပ်ဘဲ စည်းလုံးညီညွှတ်မှုရှိရန် လိုအပ်ပါကြောင်း၊

– အထူးသဖြင့် လှေလှော်အားကစားနည်းတွင် ကြိုးစားလှော်ခတ်မှုနှင့် ဟန်ချက်ညီညီ အချိန်ကိုက်လှုပ်ရှားတတ်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ အောင်နိုင်မည်ဖြစ်ပါကြောင်း၊

– အားကစားအောင်မြင်အောင် ဆောင်ရွက်ရာတွင်လည်း သတ်မှတ်ထားသည့် အာဟာရများနှင့် ဆေးဝါးများကိုသာ သုံးစွဲရန် လိုအပ်ပါကြောင်း၊

– မိမိသဘောဖြင့် အားရှိအောင် တားမြစ်ဆေးအမျိုးအစားပါသည့်ဆေးများကို သောက်သုံးမိလျှင် ကောင်းကျိုးထက် ဆိုးကျိုးရလဒ်များ ရရှိသွားမည်ဖြစ်ပါကြောင်း၊

– အားကစားသမားအချင်းချင်းညီအစ်ကိုမောင်နှမသဖွယ် အတူတကွ စည်းစည်းလုံးလုံး နေထိုင်လေ့ကျင့်၍ အခက်အခဲများရှိပါကလည်း နည်းပြများမှတဆင့် တင်ပြပါက လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၊

– နည်းပြ/အုပ်ချုပ်သူများ၏ သွန်သင်ဆုံးမမှုအောက်တွင် စနစ်တကျပျော်ရွှင်စွာ လေ့ကျင့်သွားရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံလှေလှော်အားကစားအဖွဲ့ချုပ်မှ တင်ပြတောင်းခံထားသည့် Gym ခန်း၌ အသုံးပြုမည့် လေ့ကျင့်ရေးစက်အမျိုးအစားကိုလည်း အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပြီးနောက် စားရိပ်သာနှင့် အားကစားသမားများအိပ်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် ကျိုက္ကဆံအားကစားကွင်းရှိ အမျိုးသမီးအိပ်ဆောင် ၊ အမျိုးသားအိပ်ဆောင်၊ စားရိပ်သာနှင့် စားဖိုဆောင် ဆောက်လုပ်ပြီးစီးမှုတို့အားကြည့်ရှု့ စစ်ဆေးပြီး တာဝန်ရှိသူများအား ကြာရှည်ခိုင်ခန့်မှုရှိစေရန်နှင့် သတ်မှတ်စံချိန်စံညွှန်းအတိုင်း ကောင်းမွန်အောင် တည်ဆောက်ရန်၊ သတ်မှတ်ထားသော အချိန်ကာလအတွင်း ပြီးမြောက်စေရေးနှင့် လိုအပ်မှု အခက်အခဲများရှိပါကတင်ပြပြီး မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါ၍ ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းသား/သင်တန်းသူများနှင့်အတူ အထူး နေ့လယ်စာအား ပျော်ပျော်ရွှင်ရွှင် အတူတကွ သုံးဆောင်ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏသို့ ရောက်ရှိပြီး မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံအမှာစကားပြောကြားရာတွင် လာမည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် သက်ဆိုင်ရာအားကစားနည်းအလိုက် အားကစားအဖွဲ့အားလုံးသည် အားကစားနှင့် မသင့်လျှော်သည့် တားမြစ်ဆေးဝါးများကို လုံးဝမသုံးစွဲမိစေရန် နည်းပြများနှင့် အဖွဲ့ချုပ်တို့မှ အနီးကပ်ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တားမြစ်ဆေးများသုံးစွဲပြီး အောင်မြင်မှုရရှိအောင်ဆောင်ရွက်ခြင်းသည် နည်းလမ်းမှန်ကန်မှုမရှိသဖြင့် လေ့ကျင့်ထားသမျှ အချည်းအနှီးဖြစ်၍ နိုင်ငံတော်၏ပုံရိပ်ကျဆင်းမှာဖြစ်ပါကြောင်း၊ (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်မှာ (၅)လသာ လိုတော့သည့် အချိန်တွင် အချိန်မှန်မှန်လေ့ကျင့်မှုမှာ အဓိကကျသည့်အတွက် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အဖွဲ့ချုပ်များအနေဖြင့် နေပြည်တော်တွင် လေ့ကျင့်မှုများ ပြုလုပ်လိုပါကလည်း နေထိုင်စားသောက်ရေးကိစ္စရပ်များ၊ လေ့ကျင့်မှုကိစ္စရပ်များကို စနစ်တကျ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် အဖွဲ့ချုပ်များနှင့် ပြောဆိုညှိနှိုင်း ဆောင်ရွက်ရာတွင် ညီရင်းအစ်ကို လုပ်ဖော်ကိုင်ဘက်လိုခံယူ၍ မြန်မာ့အားကစားအာဆီယံနိုင်ငံများအကြား ရင်ဘောင်တန်းနိုင်အောင် ကြိုးစားရာမှတစ်ဆင့် ဂုဏ်ယူဝင့်ကြွားနိုင်သည်အထိ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားပါသည်။

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသည့် ဥက္ကဌများနှင့် တာဝန်ရှိသူများက မိမိတို့တာဝန်ယူဆောင်ရွက်နေသော အားကစားနည်းအလိုက် ဆီးဂိမ်းတွင် အောင်မြင်မှုရရှိရေး၊ ပြည်တွင်း၌ တိုးတက်ပြန့်ပွားရေးအတွက် ဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များအား ရင်းနှီးပွင့်လင်းစွာဖြင့် ဆွေးနွေးတင်ပြခဲ့ပါသည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ အဖွဲ့ချုပ် ဥက္ကဌများနှင့် တာဝန်ရှိသူများ၏ တင်ပြဆွေးနွေးမှုများအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသတင်းရရှိသည်။