အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများ၊ အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)မှ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ မိသားစုမိတ်ဆုံညစာစားပွဲတက်ရောက်

ရန်ကုန်၊ နိုဝင်ဘာလ(၂၇)ရက်။        

ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများ ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ မိသားစု မိတ်ဆုံညစာစားပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၅)နာရီအချိန်တွင်  ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ စားရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း (၃၅)ဦး ၊ အမှုထမ်း(၃၇)ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ အရာထမ်း(၃၀)ဦး၊ အမှုထမ်း (၁၃၅)ဦး ၊ သင်တန်းသား (၁၁၅)ဦးနှင့် သင်တန်းသူ(၁၁၄)ဦး တို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဝန်ထမ်းများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းတွင် တာဝန်ထမ်းဆောင်နေကြသောဝန်ထမ်းများနှင့် သင်တန်းသား/သင်တန်းသူများသည် မိမိ၏ မိသားစုဝင်များဖြစ်သည့်အတွက် ယခုလို မိသားစုများနှင့် အတူတကွလက်ဆုံ ညစာစားပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ မိသားစုအားလုံး စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းဖြင့် တိုင်းပြည်တာဝန်များကို ထမ်းဆောင်နိုင်ကြပါစေ၊ ကိုယ်စိတ်နှလုံး သုံးပါးစလုံး  အေးချမ်းပြီး မိမိကျရာတာဝန်များကို အောင်မြင်စွာထမ်းဆောင်နိုင်ကြပါစေ၊ သင်တန်းသား/ သင်တန်းသူများ အားလုံးလည်း မိမိနိုင်ငံအတွက် အကျိုးပြုနိုင်တဲ့ အားကစားသမားကောင်းများ၊ အားကစားသမား ဝန်ထမ်းကောင်းများဖြစ်ကြအောင် ကြိုးစားအားထုတ်ကြပါလို့ နှုတ်ခွန်းဆက် စကားပြောကြား ခဲ့ပြီးနောက်   ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများအား  ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်၍ ချစ်ခင်ရင်းနှီးစွာဖြင့်  အတူတကွ လက်ဆုံညစာ စားသုံးခဲ့ကြောင်း သိရှိရပါသည်။