အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြန်မာ့အားကစားသမားများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု စစ်ဆေးခြင်းများနှင့် အားကစားနည်းအလိုက် လေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာလ(၂)ရက်။

၂၀၂၁ ခုနှစ် မေလလယ်တွင် ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေး စင် အားကစားသမားများ၏ အားကစားနည်းအလိုက် ခန္ဓာကိုယ်ကြံ့ခိုင်မှု စစ်ဆေးခြင်းများနှင့် အားကစားနည်းများအလိုက် လေ့ကျင့်နေမှုများအား ယနေ့နံနက် (၈)နာရီ (၃၀)မိနစ် အချိန်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အတူ တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ဆေးဘက်ဆိုင်ရာဌာနခွဲ ၊ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Medical Center) ၌ မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုများ စစ်ဆေးခြင်းကို အမျိုးအစားအလိုက် Power  ပိုင်း (၂)မျိုး၊ Muscle Strength ပိုင်း (၁၀)မျိုး၊  Flexibility ပိုင်း (၄)မျိုး၊ Speed Test ပိုင်း (၃)မျိုး၊ Balance Test  စစ်ဆေးမည့် စက်ပစ္စည်းများနှင့် အားကစားသမား တစ်ဦးချင်းစီအား စစ်ဆေးပြုလုပ်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ လက်ဝှေ့အားကစားရုံ၌ လက်ဝှေ့အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ တိုက်ကွမ်ဒိုအားကစားရုံ၌ တိုက်ကွမ်ဒို အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဗိုဗီနမ်အားကစားရုံ၌ ဗိုဗီနမ်အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C) ရုံ၌ ပိုက်ကျော်ခြင်းအားကစားသမားများ၏ လေ့ကျင့် နေမှုများကိုလည်းကောင်း အသီးသီး လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အားကစားသမားများအား စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်အမှာစကားပြောကြားရာတွင်

– (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မေလလယ်တွင် ကျင်းပပြုလုပ်မည်ဖြစ်၍ ပြိုင်ပွဲနီးကပ်လာပြီးဖြစ်သည့်အတွက် အားကစားသမားအားလုံး ကျန်းမာရေး အထူးဂရုစိုက်ကြရန်၊

– အရည်အချင်း ပြည့်မှီအောင်၊ ကြံ့ခိုင်မှုစွမ်းအားတိုးတက်အောင်၊ လေ့ကျင့်နေမှုပျက်ကွက်ခြင်းများမရှိအောင် အမြဲကြိုးစားလေ့ကျင့်နေဖို့ လိုအပ်ကြောင်း၊

– မိမိနိုင်ငံ ဂုဏ်သိက္ခာမကျစေရန်နှင့် နိုင်ငံတကာအလယ်တွင် မျက်နှာမငယ်စေရန်အတွက် အားကစားသမားများအားလုံး၊ စိတ်ဓာတ်ခိုင်မာမှု၊ နည်းစနစ်ကျွမ်းကျင်မှု၊ ဖြတ်ထိုးဉာဏ်သုံး၍ ယှဉ်ပြိုင်ကစားနိုင်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကြိုးစားလေ့ကျင့်ကြရန်လိုအပ်ကြောင်း၊

– ကျန်းမားရေးမကောင်းပါက လေ့ကျင့်ထားမှုများ၊ အပင်ပန်းခံကြိုးစားထားမှုများ အလဟဿ ဖြစ်နိုင်သည့်အတွက် ကျန်းမာရေးကောင်းအောင် နေထိုင် စားသောက် လေ့ကျင့်နေမှုများအား အစစအရာရာ အထူးဂရုစိုက်ကြရန် လိုအပ်ကြောင်း၊

– ခံနိုင်ရည်အားထက် ပိုမိုပြင်းပြင်းထန်ထန် လေ့ကျင့်မှုများ ပြုလုပ်ခြင်းကြောင့် Injury ရရှိပါက နိုင်ငံအတွက် နစ်နာနိုင်မည်ဖြစ်၍ မိမိကျွမ်းကျင်မှု၊ ကြိုးစားလေ့ကျင့်ခဲ့မှုများကို ပြသနိုင်မည့် အခွင့်အရေးဆုံးရှုံးပြီး မိမိကိုယ်တိုင်ရော၊ မိမိအားကစားနည်းရော၊ မိမိနိုင်ငံအတွက်ပါ နစ်နာဆုံးရှုံးရမည်ဖြစ်ပါကြောင်း၊

“ လှေခွက်ချည်းကျန် အလံမလဲ” ဆိုသည့် စကားပုံအတိုင်း နိုင်ငံချစ်စိတ်၊ အားကစားနည်းကိုချစ်စိတ်၊ အဖွဲ့အစည်း စိတ်ဓာတ်ထားရှိပြီး အချင်းချင်းရိုင်းပင်းကူညီ၍ ကြိုးစားလေ့ကျင့်သွားကြရန် လိုအပ်ကြောင်း၊

– မိမိကိုယ်ကိုမညာဘဲ လေ့ကျင့်မှု ပြုလုပ်နိုင်သလောက်၊ ခံနိုင်ရည်စွမ်းအားရှိသလောက် အစွမ်းကုန် ကြိုးစားလေ့ကျင့်ကြရန် လိုအပ်ကြောင်း၊

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားသမားများအားလုံး သတ်မှတ်ထားသည့် လေ့ကျင့်ချိန် အတိုင်း၊ နည်းပြများ၏ သင်ကြားပြသမှုအတိုင်း ကြိုးစားလေ့ကျင့်ကြရန်နှင့် အားကစားသမားများ၏ အခက်အခဲများ၊ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပြီး အားကစားနည်းအလိုက် အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး၍ လမ်းညွှန် အမှာစကား ပြောကြားခဲ့ပါသည်။