အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ လူငယ်ရေးရာဦးစီးဌာန၊ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၂)သင်တန်းဖွင့်ပွဲသို့အခမ်းအနားတက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ(၁၄)။

ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်းပြည့်ဝစေရန်နှင့် ရုံးလုပ်ငန်းများပိုမိုကျွမ်းကျင်စွာ တတ်မြောက်စေရန် ရည်ရွယ်၍  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားအား  ယနေ့ နံနက် (၀၉:၃၀) နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံအား သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့်  နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းတာဝန်လွှဲယူမည့် လူငယ်များ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်စေရေး၊ အတွေးအခေါ်မှန်ကန်စေရေး၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်ရေးရာကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် မိမိတို့ဦးစီးဌာန၏ မူဝါဒ ရည်မှန်းချက်များ ပြည့်မီစေရေး အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ အောင်မြင်အောင် ဆောင်ရွက်ရာတွင် ဝန်ထမ်းစည်းမျဉ်း/ စည်းကမ်းများ၊ ဘဏ္ဍာရေး စည်းမျဉ်း/စည်းကမ်းများနှင့် ရုံးလုပ်ငန်းများကို အချိန်တိုအတွင်း ပိုမို သိရှိနားလည်ပြီး ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ် သင်ကြားပေးရခြင်းဖြစ်ပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “ လူငယ်အင်အား စွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင် အလင်းဆောင်အံ့” ဆိုသည့်အတိုင်း “ ဆယ်ကျော်သက်အရွယ် မြန်မာနိုင်ငံသားလူငယ်များ” ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူငယ်ရေးရာကိစ္စရပ်များကို ပိုမို ထိရောက်စွာဆောင်ရွက်နိုင်စေရန်အတွက် လူငယ်ရေးရာဦးစီးဌာနကို တိုးချဲ့ဖွဲ့စည်းပေးခဲ့ခြင်းဖြစ် ကြောင်း၊ ကဏ္ဍပေါင်းစုံမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးများ တိုးတက်အောင် ယခုသင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများကို  အပတ်တကုတ် ကြိုးစားသင်ယူကြရန်နှင့် ဝန်ထမ်းအချင်းချင်း နိုင်ငံ့ဝန်ထမ်းကောင်း စိတ်ဓါတ် အပြည့်အဝဖြင့် တစ်ဦးနှင့်တစ်ဦး အတူတကွ ပူးပေါင်းဆောင်ရွက်၍ တစ်ဦးကောင်းတစ်ယောက် ကောင်း စိတ်ဓါတ်မမွေးဘဲ အဖွဲ့အစည်းစိတ်ဓါတ်၊ မိသားစုစိတ်ဓါတ်မွေးပြီး စည်းလုံးညီညွတ်စွာ ပေးအပ်ထားသည့် တာဝန်များကို စိတ်စေတနာအပြည့်အဝဖြင့် ကျေပွန်အောင်ထမ်းဆောင်၍ နိုင်ငံတော်က အားထားရသည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြား ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ် များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးနေဝင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းကို (၁၄.၁၁.၂၀၂၂)ရက်နေ့မှ (၂၈.၁၁.၂၀၂၂)ရက်နေ့အထိ (၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၂၂)ဦး တက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။