အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများ လေ့လာရေးခရီးစဉ်ဆောင်ရွက်ခြင်းအခမ်းအနား တက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ(၃)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသည် လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် အဓိက တာဝန်ယူဆောင်ရွက်လျက်ရှိရာ လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သိပ္ပံနည်းပညာ၊ လူမှုရေးစသည့် လူငယ်ကဏ္ဍများတွင် ပိုမိုဖြည့်ဆည်း မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများဖြစ်သည့် အ.ထ.က(၇)နေပြည်တော်၊ အ.ထ.က(၉)နေပြည်တော်၊ အ.ထ.က(၁၀) နေပြည်တော်ကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား ဖိတ်ခေါ်၍ ယနေ့ နေ့လယ် (၁၂:၃၀) နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ လေ့လာရေးခရီးစဉ်အား စီစဉ်ဆောင်ရွက်ခဲ့ပါသည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မှတ်တမ်း(မော်ကွန်းသစ်) ဗွီဒီယိုအားပြသခြင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန Fitness Dance သရုပ်ပြအဖွဲ့မှ သရုပ်ပြသခြင်းနှင့် ကျောင်းသားလူငယ်များအား အဖွဲ့များခွဲ၍ နည်းပြများနှင့်အတူ Fitness Dance စုပေါင်းကစားခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

ထို့နောက် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း (အားကစားပြတိုက်နှင့်ပြခန်း)အားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် (အမျိုးသား)ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သော မကွေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားခဲ့မှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

အဆိုပါ လေ့လာရေးခရီးစဉ်ဆောင်ရွက်ခြင်းအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူအင်အား စုစုပေါင်း(၃၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။