အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲသို့ လာရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ အောက်တိုဘာ(၂၈)။

မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်းဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲကို ယနေ့ ညနေ(၃) နာရီ အချိန်တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၁)နှင့်(၃)တို့၌ ဆက်လက်ကျင်းပပြုလုပ် ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်စိုးမိုး ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များလာရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။

ယနေ့ ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၁)၌ မွန်ပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကချင်ပြည်နယ် အသင်းမှ မွန်ပြည်နယ်အသင်းကို (၂)ဂိုး၊ (၁)ဂိုး ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၃)၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစား ခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၂)ဂိုး၊ (၁)ဂိုး ဖြင့် လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ပါသည်။

(၂၉.၁၀.၂၀၂၂)ရက်နေ့တွင် ပြိုင်ပွဲ(၁)ရက်နားမည်ဖြစ်ပြီး (၃၀.၁၀.၂၀၂၂)ရက်နေ့၊ ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။