အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၆)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲကြည့်ရှုအားပေး

နေပြည်တော်၊ အောက်တိုဘာ(၂၈)။

မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်းဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေ(၃) နာရီခွဲအချိန်တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ် (၁)နှင့်(၃)တို့၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊  ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်စိုးမိုး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ယမန်နေ့ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ညနေ(၃)နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၁)၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၄)ဂိုး၊ (၃)ဂိုး ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၃)၌ မကွေးတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မကွေးတိုင်းဒေသကြီးအသင်းမှ ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းကို (၃)ဂိုး၊ (၂)ဂိုးဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိ ခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ပါသည်။

(၂၈.၁၀.၂၀၂၂)ရက်နေ့တွင် ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ညနေ(၃)နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၁)၌ မွန်ပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၃)၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။