အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားနှင့် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ဒီဇင်ဘာလ(၁)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံး လုပ်နည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီ အချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Multipurpose Hall)၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဌာနခွဲအလိုက် ညွှန်ကြားရေးမှူးများနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ သင်တန်းနည်းပြဆရာမ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လင်းလင်းထွန်းတို့ တက်ရောက်ခဲ့ကြပါသည်။

            ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးမှ သင်တန်းဆင်းအမှာစကားပြောကြားရာတွင်

–           ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများသည် ဝန်ကြီးဌာနအဖွဲ့အစည်းတိုင်းတွင် အရေးကြီးကြောင်း၊ စနစ်တကျ မှန်ကန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်အတွက် သိရှိနားလည်တတ်ကျွမ်းထားဖို့လိုအပ်ကြောင်း၊

–           ဘဏ္ဍာရေးစည်းမျဉ်း/ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လုပ်ကိုင်ဆောင်ရွက် နိုင်စေရန်နှင့် စာရင်းစစ်ကန့်ကွက်ချက်များ မရှိစေရေးအတွက် ယခုသင်တန်းအား ဖွင့်လှစ်သင်ကြားပေးခဲ့ ခြင်းဖြစ်ကြောင်း၊

–           သင်ကြားပို့ချပေးခဲ့သည့်သင်ခန်းစာများကို စာအုပ်ထဲတွင်မထားခဲ့ဘဲ လက်တွေ့အသုံးချ ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း၊

–           ဝန်ကြီးဌာနတိုင်းတွင် ကြုံတွေ့နေရဆဲဖြစ်သည့် မျိုးဆက်ပြတ်လပ်မှုပြဿနာ၊ ငွေစာရင်းကိစ္စများ၊ စာရင်းသွင်းမမှန်ခြင်း၊ ခွင့်ပြုချက်အတိုင်းသုံးစွဲမှုမရှိခြင်း၊ အသုံးစရိတ်များ မှန်ကန်အောင် သုံးစွဲမှုမရှိခြင်း အစရှိသည့် ဖြစ်စဉ်မျိုးကို အတတ်နိုင်ဆုံးအမှားအယွင်းမရှိဘဲ မှန်ကန်စွာ အသုံးချဆောင်ရွက်နိုင်ဖို့ လိုအပ်ကြောင်း၊

–           ကမ္ဘာပေါ်တွင် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသည့်အခြေအနေများကို အချိန်နှင့်တပြေးညီ သိရှိ အောင် အမြဲတမ်း အသက်ရှင်နေသရွေ့ လေ့လာနိုင်သမျှ၊ တတ်နိုင်သမျှ ကြိုးစားလေ့လာ သင်ယူနေကြရ မည်ဖြစ်ကြောင်း၊

–           မိမိတို့တာဝန်ကျရာဌာနခွဲ၊ ဒေသများသို့ ပြန်ရောက်သည့်အခါ ပေးအပ်သောတာဝန်နှင့် ဝတ္တရားများကို ကျေပွန်အောင် ထမ်းဆောင်ကြရန်နှင့် ငွေစာရင်းလုပ်ငန်းများ အမှားအယွင်းမရှိစေရေး၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေး၊ သတ်မှတ်ထားသည့် စည်းမျဉ်း/ စည်းကမ်းများအတိုင်း လိုက်နာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊

–           တစ်ဦးကောင်း တစ်ယောက်ကောင်း စိတ်မမွေးဘဲ ဝန်ထမ်းအချင်းချင်း အထက်အောက် အပြန်အလှန် လေးစားစွာ အဖွဲ့အစည်းစိတ်ဓာတ်ထား၍ စည်းလုံးညီညွတ်စွာဖြင့် မိမိတို့ဌာန တိုးတက်အောင်မြင် လာစေရေးအတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

            ယင်းနောက် သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ် ချီးမြှင့်ခြင်းနှင့် သင်တန်းနည်းပြဆရာမ ဒေါ်လင်းလင်းထွန်းအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းတွင်သင်ကြားပို့ချမည့် သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများမှ တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှသင်တန်းဖွင့်အမှာစကားပြောကြားရာတွင်

–           ရုံးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်ပြီးလျှင်မြန်စွာ ဆောင်ရွက်နိုင်စေရန်၊ ကွန်ပျူတာကို စနစ်တကျ နားလည်တတ်ကျွမ်းစွာ အသုံးပြုနိုင်စေရန်နှင့် ကွန်ပျူတာနှင့် ပတ်သက်သော  ဗဟုသုတများ ပိုမိုသိရှိနားလည်နိုင်စေရန်၊

–           ရုံးလုပ်ငန်းများကို ရေရှည်ထိန်းသိမ်းနိုင်ပြီး၊ ရုံးစာများကိုပေးပို့ခြင်း၊ လက်ခံခြင်း၊ ရှာဖွေခြင်းများကိုလည်း ထိရောက်လျှင်မြန်စွာ ဆောင်ရွက်နိုင်စေရန်၊ Excel နှင့် Power Point များကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတတ်စေရန်နှင့် ရုံးလုပ်ငန်းများကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်၊

–           ကမ္ဘာပေါ်တွင် ခေတ်နှင့်အညီ တိုးတတ်ပြောင်းလဲနေသော (IT)နည်းပညာများကို မျက်ခြေမပြတ် လေ့လာသင်ယူ၍ မိမိတို့၏ လုပ်ငန်းများတွင် အကျိုးရှိရှိ ထိထိရောက်ရောက် ပြန်လည်အသုံးချနိုင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှဖြင့် ကြိုးစား လေ့လာသင်ယူနေကြရန်လိုအပ်ကြောင်း၊

ယခုသင်တန်းကို (၂၀၂၁)ခုနစ်အတွင်းတွင် ပထမဆုံးအကြိမ် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး ဌာနခွဲများမှ ကျန်ရှိနေသည့်ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများရှိ ဝန်ထမ်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ထမ်းများကိုလည်း အခြေခံကွန်ပျူတာသင်တန်းများအား ဆက်လက်ဖွင့်လှစ် သင်ကြားပေးသွား မည်ဖြစ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများမှ သင်တန်းစည်းကမ်းများအတိုင်း ကြိုးစားလိုက်နာပြီး သင်တန်းကာလအတွင်း မိမိတို့အခက်အခဲများရှိပါက တင်ပြပေးရန်နှင့် သင်တန်းပြီးဆုံးပါက မိမိတို့ တာဝန်ကျရာ ဌာနခွဲများသို့ ပြန်ရောက်သည့်အခါတွင် လက်တွေ့ပြန်လည်အသုံးချပြီး မိမိတို့ဌာန တိုးတက်အောင် အမြဲတမ်း လေ့လာအားထုတ် ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

အဆိုပါ အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ်(၁/၂၀၂၁) ကို အားကစားနှင့်ကာယပညာဦးစီးဌာနခွဲများမှ (ဝန်ထမ်း) သင်တန်းသား/သင်တန်းသူ (၄၀)ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ပြီး ဌာနရှိ ကွန်ပျူတာ နည်းပြဆရာ/ဆရာမများမှ ဒီဇင်ဘာလ(၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးမှ သင်ကြားပို့ချရာတွင် အသုံးပြုမည့် ကွန်ပျူတာအခန်းနှင့် ကွန်ပျူတာများ တပ်ဆင်ထားရှိမှု တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိခဲ့ရပါသည်။