အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများ လေ့လာရေးခရီးစဉ်ဆောင်ရွက်ခြင်းအခမ်းအနား တက်ရောက်

နေပြည်တော်၊ အောက်တိုဘာ(၂၀)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသည် လူငယ်များ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိက တာဝန်ယူဆောင်ရွက်လျက်ရှိရာ လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သိပ္ပံနည်းပညာ၊ လူမှုရေးစသည့် လူငယ်ကဏ္ဍများတွင် ပိုမိုဖြည့်ဆည်းမြှင့်တင်ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများဖြစ်သည့် အ.ထ.က(၅)နေပြည်တော်၊ အ.ထ.က(၆)နေပြည်တော်၊ အ.ထ.က(၁၁)နေပြည်တော်ကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား ဖိတ်ခေါ်၍ ယနေ့နေ့လည် (၁၃:၀၀)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ လေ့လာရေးခရီးစဉ်အား စီစဉ်ဆောင်ရွက်ခဲ့ပါသည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနအနေဖြင့် ရည်မှန်းချက်၊ မူဝါဒနှင့်လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ လူငယ်ရေးရာဦးစီးဌာနမှ ဆောင်ရွက်နေသည့် လူငယ်ဆိုင်ရာကဏ္ဍ(၁၆)ရပ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်ရေးရာဟောပြောပွဲများကို ဦးဆောင်ဝန်ကြီးဌာနများ အနေဖြင့် ပူးပေါင်း၍ ကဏ္ဍပေါင်းစုံမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ထူးခြားသည့်အင်အားစုဖြစ်ပြီး အနာဂတ်ခေါင်းဆောင်များလည်းဖြစ်ကြောင်း၊ လူငယ်များ အားကစားပြုလုပ်ခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်ပြီး မှန်ကန်သည့် အတွေးအခေါ်များရှိလာနိုင်မည်ဖြစ်ကြောင်း၊ အဖွဲ့အစည်းစိတ်ဓါတ်ထားရှိပြီး ပူးပေါင်းဆောင်ရွက် တတ်လာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ ဗဟုသုတ အတွေးအမြင်အသစ်များရရှိပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်သည့် အမျိုး ဘာသာသာသနာကိုစောင့်ရှောက်နိုင်မည့် လူကောင်းလူတော်များ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ ယခု လေ့လာရေးခရီးစဉ်တွင် မြန်မာနိုင်ငံ၏အစဉ်အဆက် အားကစားအောင်မြင်မှုများ၊ မြန်မာ့ ဂုဏ်ဆောင် ထင်ရှားသည့်အားကစားသမားများကို ပြသထားသည့် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်း (အားကစားပြတိုက်နှင့်ပြခန်း)လေ့လာခြင်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ် အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတို့အား ကြည့်ရှုလေ့လာနိုင်ရန် စီစဉ်ဆောင်ရွက် ပေးထားပါကြောင်း၊ ဆယ်ကျော်သက်လူငယ်များ၏ ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓါတ်၊ စည်းကမ်း၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ပြည်ထောင်စုစိတ်ဓါတ်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများကို တစ်နိုင်ငံလုံး ကျင်းပပြုလုပ်နေသလို လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးတို့အတွက် နည်းပညာသင်တန်းများကိုလည်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း၊ ယခု လေ့လာရေးခရီးစဉ်တွင် လေ့လာမှတ်သားသင့်သည်တို့ကို အကျိုးရှိစွာ လေ့လာမှတ်သားပြီး လူငယ်ရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “ လူငယ်အင်အား စွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင် အလင်းဆောင်အံ့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့် ပြည်သူကို အကျိုးပြုနိုင်မည့် နိုင်ငံ့သားကောင်းလူငယ်လေးများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ယခုလေ့လာရေးခရီးစဉ်တွင် ၂၀၂၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် ကျင်းပခဲ့သည့် မှတ်တမ်းဗွီဒီယိုအား ပြသခြင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် အားကစားနှင့်ပညာရေး ပေါင်းစပ်ဌာနခွဲ Fitness Dance သရုပ်ပြအဖွဲ့မှ သရုပ်ပြသခြင်းနှင့် ကျောင်းသားလူငယ်များအား အဖွဲ့များခွဲ၍ နည်းပြများနှင့်အတူ Fitness Dance စုပေါင်းကစားခြင်းများ ဆောင်ရွက်ခဲ့ ကြပါသည်။

ထို့နောက် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း (အားကစားပြတိုက်နှင့်ပြခန်း)အားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၁၆)နှစ်အောက် (အမျိုးသား)ဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားနှင့် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့၏ ယှဉ်ပြိုင် ကစားခဲ့မှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

အဆိုပါ လေ့လာရေးခရီးစဉ်ဆောင်ရွက်ခြင်းအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း(၃၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။