အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဏာမလက်ရွေးစင်ရေကူးအားကစားသမားများ၏ ပဏာမလူရွေးချယ်ပွဲ လာရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ အောက်တိုဘာ(၁၉)။

၂၀၂၃ ခုနှစ်၊ ကမ္ဘောဒီးယားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပဏာမလက်ရွေးစင် ရေကူးအားကစားသမားများ၏ ပဏာမလူရွေးချယ်ပွဲကို ယနေ့နံနက်(၉:၀၀)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ရေကူးကန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ရေကူးအားကစားသမားများအား ပဏာမရွေးချယ်ပွဲသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများနှင့် အားကစားနှင့်ကာယပညာသိပ္ပံများမှ ရေကူးအားကစားသမား(၁၇)ဦးသည် (ကျား၊မ) မီတာ(၅၀) ပက်လက်ကူး၊ ရင်ဘောင်တန်းကူး၊ အလွတ်ကူး၊ (ကျား၊မ)မီတာ(၁၀၀)နှင့် မီတာ(၅၀) လိပ်ပြာကူး၊ (မ)မီတာ(၁၀၀)အလွတ်ကူးနှင့် ပက်လက်ကူး၊ (ကျား၊မ)မီတာ(၂၀၀) တစ်ဦးချင်း (၄)မျိုးကူး အမျိုးအစား(၈)မျိုးတို့တွင် အသီးသီးဝင်ရောက်ရွေးချယ်ခံခဲ့ကြရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများမှ လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။