အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး၍ ဘတ်စကက်ဘောပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး

ရန်ကုန်၊ အောက်တိုဘာလ(၁၈)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် (၈)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်းအဆင့်မြှင့်တင် တည်ဆောက်နိုင်မည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဦးစွာ အစည်းအဝေးခန်းမတွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားကွင်း/အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူးဦးမင်းမင်းထွန်းမှ အောင်ဆန်းအားကစားပြိုင်ဝင်း၏ သမိုင်းအကျဉ်း၊ တည်နေရာ၊ လက်ရှိပွဲကြည့်စင်ပရိတ်သတ်ဝင်ဆံ့မှုအခြေအနေ၊ အဆောက်အဦးများ ပျက်စီးမှုအခြေအနေနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား Powerpointဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်ချက်များအား လမ်းညွှန်မှာကြားပြီးနောက် အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ အရှေ့ဘက်ပွဲကြည့်စင်၊ တောင်ဘက်ပွဲကြည့်စင်၊ အနောက်ဘက်ပွဲကြည့်စင်၊ မြောက်ဘက်ပွဲကြည့်စင်များရှိ ပျက်စီးနေသောအဆောက်အဦးအနေအထားများ၊ ခြံစည်းရိုးများ၊ ဘောလုံးကွင်းနှင့် ကွင်းပတ်လည်ရှိ ရေစီးရေလာကောင်းမွန်ရန် ကိစ္စရပ်များ၊ ဘော်လီဘောလေ့ကျင့်ရုံအတွင်းရှိ လူဦးရေဝင်ဆံ့နိုင်မှု အနေအထားများ၊ ပြင်ဆင်ရန်လိုအပ်သည့် အနေအထားများအား ကြည့်ရှုစစ်ဆေးလမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်းသို့ ရောက်ရှိလာပြီး ဘောလုံးကွင်းအား လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက် မင်္ဂတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူတင်းနစ်အားကစားကွင်းသို့ ရောက်ရှိပြီး (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လေ့ကျင့်နေသော လက်ရွေးစင်အားကစားသမားများ၏ လေ့ကျင့်နေမှုအားကြည့်ရှုပြီး အားကစားသမားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြားရာတွင် ကျန်းမာကြံ့ခိုင်ပြီး လေ့ကျင့်မှုများဆောင်ရွက်ရာတွင် တန်ဆေးလွန်ဘေးမဖြစ်စေရန် အပိုင်းလိုက် လေ့ကျင့်ရမည့်ကိစ္စရပ်များ၊ နည်းပြများ၏ သွန်သင်ဆုံးမမှုများကိုလိုက်နာ၊ နာခံပြီးစိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်မှု၊ စံချိန်ကောင်းများရရှိအောင်နှင့် နိုင်ငံတော်အတွက် ရလဒ်ကောင်းများရရှိလာအောင် ကြိုးစားကြရန်၊ ကျန်းမာရေးသည် ပထမ၊ စည်းကမ်းသည် ဒုတိယ၊ စံချိန်သည် တတိယဆိုသည့် ဆောင်ပုဒ်အတိုင်း ပြိုင်ပွဲယှဉ်ပြိုင်ကစားရာ၌ နောက်ဆုံးအကြိမ်အထိ ဇွဲမလျှော့ဘဲဇွဲ၊ စိတ်ဓာတ်၊ ခံနိုင်ရည်ရှိစွာဖြင့် အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားကြရန် အထူးမှာကြားလိုကြောင်း ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ရုံးခန်း၌ ဥက္ကဌဦးဇော်ထိန်၊ ဒုတိယဥက္ကဌဦးမျိုးသိန်းထွေးနှင့် တာဝန်ရှိပုဂ္ဂိုလ်များအား တွေ့ဆုံပြီး တင်းနစ်အဖွဲ့ချုပ်၏ ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်းကိစ္စရပ်များ၊ ကွင်းပြုပြင်တည်ဆောက်နေမှု အခြေအနေများ၊ အားကစားသမားများအတွက် နေထိုင်စားသောက်ရေးကိစ္စရပ်များ၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်စေရေးကိစ္စရပ်များ၊ နည်းပြများ၏ အတွေ့အကြုံများအရ လေ့ကျင့်သင်ကြားပေးမှုများ၊ ပြောင်းလဲနေသည့် နည်းစနစ်များနှင့်အညီသင်ကြားပေးရန် ကိစ္စရပ်များ၊ အဖွဲ့ချုပ်ရှိ တာဝန်ရှိသူများအားလုံးက စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် ပေါင်းစပ်ညှိနှိုင်းကြိုးစား ဆောင်ရွက်ပေးကြပါရန် မှာကြားပြီး အဖွဲ့ချုပ်ဥက္ကဌမှ တင်ပြချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏသို့ ရောက်ရှိလာပြီး ၂၀၂၂ခုနှစ်၊ အမျိုးသားတံခွန်စိုက် (အမျိုးသား/အမျိုးသမီး)ဘတ်စကက်ဘောပြိုင်ပွဲနှင့် U-18, U-25 (အမျိုးသား/အမျိုးသမီး) 3on3 ဘတ်စကက်ဘောပြိုင်ပွဲတွင် RRY အသင်းနှင့် M.O.H.A အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါသည်။