အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနက လူငယ်ပရဟိတဂေဟာများမှ လူငယ်များ လေ့လာရေးအစီအစဉ် ဆောင်ရွက်ခြင်း

နေပြည်တော်၊ အောက်တိုဘာ(၁၆)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသည် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကဗဟိုချက်ဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို လူငယ်များ သိရှိနားလည်စေရန်အတွက် လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်နေသည့် နေပြည်တော်ကောင်စီနယ်မြေရှိ ကျောင်းစုနှင့်အေးမေတ္တာစံ လူငယ်ပရဟိတဂေဟာများမှ ကျောင်းသား/ကျောင်းသူများအား ဖိတ်ခေါ်၍ ယမန်နေ့နံနက်(၈)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဒုတိယအကြိမ် လေ့လာရေးခရီးစဉ် ဆောင်ရွက်သည့်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ယခုလေ့လာရေးခရီးစဉ်တွင် အားကစားလေ့လာရေးအစီအစဉ်များသာမက မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများ မတိမ်ကော မပပျောက်စေရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ” ၂၀၂၂ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ” များကိုပါ သွားရောက်လေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဆောင်ရွက်နေသည့် လူငယ်ဆိုင်ရာကဏ္ဍ(၁၆)ရပ်တွင် စာပေအနုပညာနှင့် ယဉ်ကျေးမှုကဏ္ဍများလည်းပါရှိသဖြင့် မိမိတို့၏ အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်သည့် လူငယ်များဖြစ်လာစေရေး၊ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ဝန်ကြီးဌာနများအနေဖြင့် ပူးပေါင်း၍ ကဏ္ဍပေါင်းစုံမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်းသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ကြီးမားသော လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားသည့် အင်အားစုတစ်ရပ်ဖြစ်သော လူငယ်များအား ” လူငယ်အင်အား၊ စွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင်အလင်းဆောင်အံ့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့်ပြည်သူကို အကျိုးပြုနိုင်မည့် နိုင်ငံ့သားကောင်း လူငယ်လေးများ ဖြစ်လာစေရေးတို့အတွက် ယခုလိုလေ့လာရေးအစီအစဉ် များကို စီစဉ်ပေးလျက်ရှိပါသည်။

ယနေ့အစီအစဉ်တွင် ၂၀၂၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် ကျင်းပခဲ့သည့် မှတ်တမ်းဗွီဒီယို (Clip)အား ပြသခြင်း၊ အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ Fitness Danceသရုပ်ပြအဖွဲ့မှ သရုပ်ပြသခြင်းနှင့် ကျောင်းသားလူငယ်များအား အဖွဲ့များခွဲ၍ နည်းပြများနှင့်အတူ Fitness Dance စုပေါင်းကစားခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

ဆက်လက်ပြီး ဝဏ္ဏသိဒ္ဓိ ရေကူးကန်တွင် အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲမှ ရေကူးအားကစားသမားများ၏ ရေကူးသရုပ်ပြသမှုများအားလည်းကောင်း၊ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း (အားကစားပြတိုက်နှင့်ပြခန်း)အားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအား လည်းကောင်း ကြည့်ရှုလေ့လာခဲ့ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ တည်ခင်းဧည့်ခံသည့် နေ့လည်စာအားသုံးဆောင်ခဲ့ကြပြီးနောက် မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (လေ့ကျင့်ရေးဇာတ်ရုံ)နှင့် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)တို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် ” ၂၀၂၂ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ” ယှဉ်ပြိုင်နေမှုများအား သွားရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။