အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းရှိ လေကြောင်းဝါသနာရှင်များအသင်းမှ လေ့ကျင့်နေသည့် လူငယ်များအားတွေ့ဆုံ

ရန်ကုန်၊ အောက်တိုဘာလ(၃)ရက်။

လေကြောင်းပညာရပ်မျာအား ဝါသနာပါရာလုပ်ငန်းတစ်ရပ်အဖြစ် လေ့လာလိုက်စားလိုသူများအား တစ်စုတစ်စည်းထဲ ဖွဲ့စည်း၍ တိုးတက်ဖွံ့ဖြိုးလျက်ရှိသည့် လေကြောင်းပညာရပ်များကို ပိုမိုစူးစမ်းလေ့လာနိုင်စေရန်၊ နိုင်ငံတော်၏ လေကြောင်းလောကအတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ထွန်းကားလာစေရန်နှင့် နိုင်ငံတော်မှအားထားရမည့် လေကြောင်းအတတ်ပညာရှင်များပြုစုပျိုးထောင်ရာတွင် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီပြီး နိုင်ငံတော်၏ လေကြောင်းစွမ်းအား ခိုင်မာတောင့်တင်းစေရန် ရည်ရွယ်ဖွင့်လှစ်ထားရှိသည့် ရန်ကုန်မြို့ ကျိုက္ကဆံကွင်း(အား/ကာသိပ္ပံ၊ ရန်ကုန်)ရှိ မြန်မာနိုင်ငံလေကြောင်းဝါသနာရှင်များအသင်းမှ လေ့ကျင့်နေသည့် လူငယ်များအား ယနေ့နံနက်(၉)နာရီက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း သွားရောက်တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ မြန်မာနိုင်ငံလေကြောင်းဝါသနာရှင်များအသင်း ဥက္ကဌ ဦးအောင်ကျော်ငြိမ်းက ရုံးအစည်းအဝေးခန်းမ၌ အသင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များ၊ လေကြောင်းပညာရပ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာနိုင်ငံလေကြောင်းဝါသနာရှင်များအသင်းမှကူညီဆောင်ရွက်မည့်အခြေအနေများအား Power point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

ရှင်းလင်းတင်ပြချက်များနှင့်ပတ်သက်၍ ဒုတိယဝန်ကြီးဒေါက်တာစိုးဝင်းက လမ်းညွှန်မှာကြားရာတွင် လေကြောင်းပညာ ရပ်များတိုးတက်လာစေရေးအတွက် မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းအမွေေပေးနိုင်စေရန် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နေမှုများအတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံလေကြောင်းဆိုင်ရာအားကစားအဖွဲ့ချုပ် အနေဖြင့် အားကစားနှင့်လူငယ်ကဏ္ဍ ဆက်စပ်ပြီး လူငယ်များပိုမိုပါဝင်လာအောင် စည်းရုံးဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် နိုင်ငံတော်ကအဘက်ဘက်မှ အားပေးကူညီနေသဖြင့် အသိပညာ၊ အတတ်ပညာရှင်များအနေဖြင့် Men ၊ Material ၊ Money ပေါင်းစပ်ပြီး အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ လူငယ်များကို တိုင်းပြည်က အားထားနေပြီး လူငယ်တွေ တော်ရင်တော်သလို တိုင်းပြည်တိုးတက်မှာ ဖြစ်တဲ့အတွက် လူငယ်တိုင်း အရည်အချင်းရှိသူများဖြစ်အောင် ဆရာထက်တော်သောတပည့်များဖြစ်အောင် ပြုစုပျိုးထောင်ကြရန်မှာ မိဘ/ဆရာ/ဆရာမများတွင် အဓိကတာဝန်ရှိကြောင်း ၊ လူငယ်များအနေဖြင့် ကျန်းမာကြံ့ခိုင်ပြီး ပညာရေး၊ အသိပညာဗဟုသုတကြွယ်ဝသူများဖြစ်လာစေရေး၊ ကိုယ်ချင်းစာစိတ်၊ ကူညီလိုစိတ်၊ အမှားအမှန်ဝေဖန်ပိုင်းခြားပြီး နိုင်ငံတော်အကျိုး၊ အများအကျိုး ကဏ္ဍပေါင်းစုံမှ တိုးတက်အောင် ကိုယ်ကျိုးစွန့်အနစ်နာခံ၍ နိုင်ငံတော်ကအားထားရသည့် ခေါင်းဆောင်ငယ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားပါသည်။

ထို့နောက် မြန်မာနိုင်ငံလေကြောင်းဝါသနာရှင်များအသင်း ဥက္ကဌက ဒုတိယဝန်ကြီးအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ရာ ဒုတိယဝန်ကြီးကလက်ခံရယူ၍ ပျံသန်းရေးကွင်း၌ အဝေးထိန်းလေယာဉ်ပုံစံငယ်ဖြင့် ပျံသန်းလေ့ကျင့် သရုပ်ပြသမှုအား အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။