အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ တည်ဆောက်မည့်မြေနေရာနှင့် အားကစားကွင်း/အားကစားရုံများအား ကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင် နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက် (၈)နာရီမှစတင်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် သစ်ပုတ်ကုန်းကျေးရွာအုပ်စုအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံတည်ဆောက်မည့် ဧက(၅၀) မြေနေရာနှင့် ကန်သုံးဆင့် အဆင့်မြင့်ရေကူးကန် တည်ဆောက်မည့် မြေနေရာတို့အားလည်းကောင်း၊ ပုသိမ်မြို့ ကိုးသိန်းအားကစားပြိုင်ကွင်းရှိ ဘောလုံးအားကစားကွင်း အရှေ့ဘက် (၁၂၀ပေx၂၀ပေ) (၂)ထပ် ပွဲကြည့်စင်တည်ဆောက်နေမှုနှင့် အိပ်ဆောင်တည်ဆောက်မည့် မြေနေရာတို့အားလည်းကောင်း၊ ဘောလုံးကွင်းနှင့် Synthetic ပြေးလမ်းတွင် ရေမတင်စေရေးတာဝန်ရှိသူများမှ စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွား ရန်နှင့် မိုးလုံလေလုံ(ပြည်သူ့အားကစားရုံ)တို့အားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားရုံ ရေရှည်တည်တံ့စေရေးနှင့် ခိုငှက်များမဝင်နိုင်စေရန် ဝင်ပေါက်များအားစနစ်တကျ ကာရံသွားရန်၊ ကြမ်းခင်းများ ရေရှည်တည်တံ့ခိုင်မြဲစေရေး လေဝင်ပေါက်များထားရှိရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါ သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ အားကစားလောကဖွံ့ဖြိုးတိုးတက်စေရေး၊ လူငယ်ရေးရာကဏ္ဍနှင့် ပတ်သက်၍ အခြေခံပညာကျောင်းများမှစ၍ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်နေမှုအခြေအနေများ၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် လိုအပ်သည့် အားကစားအထောက် အကူပြုပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ရာ ဝန်ကြီးချုပ်မှ လက်ခံရယူခဲ့ပြီးနောက် ယခင်က ဧရာဝတီတိုင်း ဒေသကြီးမှ မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာခဲ့ပြီး လှေလှော်အားကစားသမားများစွာ ကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုအခါတွင် မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက် လာစေရေးအတွက် စနစ်တကျသင်ကြားပေးနိုင်ရန် နည်းပြဆရာများနှင့် လေ့ကျင့်ရန်အတွက် အားကစား အထောက်အကူပြုပစ္စည်းများ လိုအပ်ပါကြောင်း ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တိုင်ဘောလုံးအားကစားကွင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး Ayeyawaddy United FC ဘောလုံးအားကစားသမားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် စကားပြောကြားရာတွင် အသင်းအဖွဲ့စိတ်ဓာတ်ထားရှိရန်နှင့် စုပေါင်းညီညွတ်မှုရှိမှ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း၊ နောက်ဆုံးအချိန်အထိ ဇွဲမလျော့ဘဲ မဆုတ်မနစ်သောစိတ်ဓာတ်ဖြင့် အားသွန်ခွန်စိုက် ကြိုးစားလေ့ကျင့်ကြရန်လိုကြောင်း၊ နည်းပြများကလည်း အားကစားသမားများအပေါ် မိသားစုသဖွယ် စေတနာ၊ မေတ္တာထားပြီး ပြုစုပျိုးထောင်၍ ဆုံးမသွန်သင်ပေးရန်လိုကြောင်း ပြောကြား ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံကာ အဖွဲ့အစည်းဖြင့် လုပ်ဆောင်ရသည့် လုပ်ငန်းဖြစ်သည့်အတွက် စည်းလုံးညီညွတ်မှုရှိရန်နှင့် မိသားစုစိတ်ဓာတ်ထားရှိပြီး တစ်ဦးနှင့်တစ်ဦး အထက်အောက် အပြန်အလှန် လေးလေးစားစားပြောဆိုဆက်ဆံ၍ ကူညီဖေးမဆောင်ရွက်လုပ်ကိုင်ကြရန်လိုကြောင်း၊ စာအုပ်စာပေများများဖတ်မှသာ စဉ်းစားတွေးခေါ်ဝေဖန်ပိုင်းခြားနိုင်ပြီး ဗဟုသုတများစွာရရှိ လာမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မခံရအောင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကာကွယ်ထိန်းချုပ်ရေးစည်းမျဉ်းစည်းကမ်းများအတိုင်း သွားလာနေထိုင်၍ ကျန်းမာရေးကို အထူးဂရုစိုက် ကြရန်လိုကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ပျော်ပျော်ရွှင်ရွှင် ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများတွင် အခက်အခဲများနှင့် အခြားလိုအပ်သည်များရှိပါက တာဝန်ရှိသူများမှတစ်ဆင့် အချိန်မရွေးတင်ပြနိုင်ပြီး မိမိအနေဖြင့် အတတ်နိုင်ဆုံးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ မြို့မအားကစားကွင်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြေမှုရှိစေရေး၊ သန့်ရှင်းသာယာမှုရှိစေရေး၊ တောင်ဘက်တွင် ပွဲကြည့်စင်အသစ် ပြန်လည်တည်ဆောက်နိုင်ရေး၊ မျိုးဆက်သစ်အားကစား သမားများ ပေါ်ထွက်လာစေရေး၊ နောင်ရိုးအားကစားခန်းမ(၂)နှင့် မြဧရာရေကူးကန်တို့အား ကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် ရေကူးကန်အား စနစ်တကျထိန်းသိမ်းရန်၊ ရေများမကြာခဏလဲလှယ်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိမ်မဲမြို့နယ်၊ ရွှေလင်းယုန်အားကစားခန်းမနှင့် ဘောလုံးအားကစားကွင်းတို့အားလည်းကောင်း၊ သာပေါင်းမြို့နယ် ဘောလုံးအားကစားကွင်းတို့အား လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားခန်းမအတွင်း ခိုငှက်များမဝင်နိုင်စေရန် သံဇကာများ ကာရံထားရန်လိုကြောင်း၊ ဘောလုံးအားကစားကွင်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အားကစားကွင်း/ အားကစားရုံများ ရေရှည်တည်တံ့စေရေးအတွက် စနစ်တကျ ထိန်းသိမ်းပြုပြင်ဆောင်ရွက်သွားရန် တာဝန်ရှိ သူများအား လမ်းညွှန်မှာကြားခဲ့ပြီး သာပေါင်းမြို့နယ်ဘောလုံးကွင်းတွင် ပွဲကြည့်စင်အသစ်တစ်ခု ထပ်မံ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်လာစေရန်အတွက် လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများကိုလည်း ပံ့ပိုးကူညီ ဖြည့်ဆည်းပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။