အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအားကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ(၂၈)။    

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်သို့ ရောက်ရှိခဲ့ရာ ပန်းတနော် မြို့နယ်အားကစားကွင်း/အားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာလှပစေရေး၊ အားကစားလောကတိုးတက်စေရေးအတွက် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးနိုင်ရေး၊ ပြည်သူများစိတ်လက်ပေါ့ပါးစွာ လာရောက်လေ့ကျင့်ကစားနိုင်စေရေးနှင့် အားကစားပြိုင်ပွဲများအား အဆင့်အတန်းမြင့်မြင့် လာရောက်ကြည့်ရှုအားပေးနိုင်စေရေး၊ မျိုးဆက်သစ်အားကစားသမားကောင်းများပေါ်ထွက်လာစေရေးအတွက် လိုအပ်သည့် အားကစား အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားရုံများ ရေရှည်တည်တံ့စေရေးနှင့် နောင်တည်ဆောက်မည့် အားကစားကွင်း/အားကစားရုံများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အဆင့်မီစွာ တည်ဆောက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်သို့ ရောက်ရှိပြီး မြို့နယ်အားကစားခန်းမအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘတ်ဂျက်တွင် အားကစားခန်းမအား အကြီးစားပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် လျာထားရေးဆွဲသွားရန်၊ အားကစား ခန်းမ ရေရှည်တည်တံ့ခိုင်မြဲစေရေး စနစ်တကျထိန်းသိမ်းစောင့်ရှောက်သွားရန်နှင့် ဝန်ထမ်းများအနေဖြင့် အခက်အခဲများ၊ လိုအပ်ချက်များရှိပါက တာဝန်ရှိသူများမှတဆင့် အချိန်မရွေးတင်ပြနိုင်ပြီး လိုအပ်သည်များကို ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး မြို့နယ်မိုးလုံလေလုံအားကစားရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားရုံ ရေရှည်တည်တံ့ခိုင်မြဲစေရေး စနစ်တကျထိန်းသိမ်းထားရှိရန်လိုကြောင်း၊ မျိုးဆက်သစ်အားကစားသမားကောင်းများပေါ်ထွက်လာစေရန် ဒေသတွင်းအားကစားပြိုင်ပွဲများကျင်းပရာတွင် ကြက်တောင်အားကစားနည်းနှင့် ပိုက်ကျော်ခြင်းအားကစားနည်းတို့အတွက် လိုအပ်သော အားကစားအထောက် အကူပြုပစ္စည်းများအား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့ပြီးနောက် ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဝန်ထမ်းများ အချင်းချင်း မိသားစုစိတ်ဓါတ်ဖြင့် အပြန်အလှန် ကူညီရိုင်းပင်းပြီး စည်းစည်းလုံးလုံးနေထိုင်သွားကြရန်၊ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်နှင့် အခြားအခက်အခဲများရှိပါကလည်း မိမိတို့အနေဖြင့် တတ်နိုင်သမျှ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘောလုံးအားကစားကွင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး အားကစားကွင်းရေရှည်တည်တံ့စေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေးအတွက် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်သူများ စိတ်လက်ပေါ့ပါးစွာလာရောက်၍ အားကစားလေ့ကျင့်နိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရန်လိုကြောင်း ဝန်ထမ်းများကို မှာကြား၍ ဘောလုံးကွင်းပွဲကြည့်စင် အသစ်တည်ဆောက်မည့် မြေနေရာနှင့် အားကစားနှင့်ကာယပညာသိပ္ပံတည်ဆောက်မည့်မြေနေရာတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။