အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည့် အခမ်းအနားတက်ရောက်

နေပြည်တော်၊ စက်တင်ဘာ(၂၁)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ရေးရာလုပ်ငန်းကိစ္စရပ်များကို ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်နေသည်ကို တွေ့မြင်ရပါကြောင်း၊ ဝန်ထမ်းများအားလုံးသည် ပြည်သူ့ဝန်ထမ်းများဖြစ်ပြီး၊ မိမိတို့၏ ခံယူချက်၊ အသိစိတ်ဓါတ်၊ ဝါသနာတို့ဖြင့် နိုင်ငံ့တာဝန်များကိုထမ်းဆောင်ကြရာတွင် နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာစောင့်သိကြရမည်ဖြစ်ကြောင်း၊ ခေတ်နှင့်အညီပြောင်းလဲတိုးတက်လာသော နည်းပညာများကို လေ့လာကြရန်လိုအပ်ပြီး၊ အထူးသဖြင့် အသိပညာဗဟုသုတတိုးပွားစေပြီးလူငယ်များနှင့် သက်ဆိုင်သောစာအုပ်စာပေများကို အစဉ်အမြဲဖတ်ရှုလေ့လာမှတ်သားကြရန်လိုကြောင်း၊ လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ရင်ဘောင်တန်းဆက်သွယ်ဆောင်ရွက်နေရသည့်အတွက် အခြားသူများထက် ဘာသာစကား၊ နိုင်ငံတကာအတွေ့အကြုံများနှင့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ပိုမိုထမ်းဆောင်နိုင်ရန်လိုအပ်ကြောင်း၊ မိမိတာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် စိတ်စေတနာ အပြည့်အဝဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံးဆောင်ရွက်သွားကြရန်လိုကြောင်း၊ သို့မှသာ ပြီးပြည့်စုံသောရုံးလုပ်ငန်းများကို ဆောင်ရွက်လာနိုင်မည်ဖြစ်ပြီး မိမိအဖွဲ့အစည်းလည်း အောင်မြင်တိုးတက်လာမှာဖြစ်ကြောင်း၊ ဝန်ထမ်းတစ်ဦးသည် နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာစေရန် လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်များနှင့် ရှိသင့်ရှိထိုက်သည့် ပင်ကိုယ်အရည်အသွေးနှင့်အရည်အချင်းများပြည့်ဝအောင် ကြိုးစားအားထုတ်သွားကြရန်လိုကြောင်း၊ တပည့်သားသမီးလက်အောက်ငယ်သားများအပေါ် မိသားစု စိတ်ဓါတ်ထားရှိပြီးအပြန်အလှန် ကူညီရိုင်းပင်းဆက်ဆံသွားရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲပြဿနာများကို ဘဝသင်ခန်းစာအဖြစ်မှတ်ယူပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကို တားဆီးကာကွယ်နိုင်စေရန် ဝန်ထမ်းများအားလုံး Mask တပ်ဆင်ခြင်း၊ လက်သန့်ဆေးရည်များသုံးခြင်းနှင့် လူစုလူဝေးများသော နေရာဒေသများသို့ ရှောင်ကြဉ်ကြရန်လိုကြောင်းနှင့် မိမိနှင့်မိသားစု ကိုဗစ်-၁၉ ရောဂါ ကူးစက်မခံရအောင် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေး စည်းမျဉ်း၊ စည်းကမ်းများကိုလိုက်နာပြီး ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အမှာစကားပြောကြားရာတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ဦးစီးဌာနအနေဖြင့် လူငယ်ရေးရာလုပ်ငန်းဆောင်ရွက်ချက်များကို ဆထက်ထမ်းပိုး ပိုမိုကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းမှ လူငယ်ရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက် နေသောလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအားPowerpoint Presentation ဖြင့် ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။