အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရန်ကုန်၊ စက်တင်ဘာလ(၁၆)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်(၁၁)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တည်ဆောက်လျှက်ရှိသော အမျိုးသမီးအိပ်ဆောင်အား ကြည့်ရှုခဲ့ပြီး အဆောက်အဦးနောက်ရှိမြေထိန်းနံရံအား စနစ်တကျတည်ဆောက်သွားရန် စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မှီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးတို့အား အလေးထားဆောင်ရွက်ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံရာတွင် ခရိုင်အလိုက် တာဝန်ရှိသူများမှ လိုအပ်ချက်များ၊ အားကစားကွင်းပြုပြင်ရန်ကိစ္စရပ်များ၊ ဝန်ထမ်းခန့်ထားရေးကိစ္စရပ်များ၊ အားကစားကွင်း/ ရုံများ၌ ရေစီးရေလာကောင်းမွန်စေရန်အတွက် ဆောင်ရွက်ပေးရန်ကိစ္စရပ်များ၊ လုံခြုံရေးကိစ္စရပ် များအားတင်ပြရာတွင် ဒုတိယဝန်ကြီးမှ လိုအပ်ချက်များအားဖြည့်ဆည်းပေးပြီးနောက် အမှာစကားပြောကြားရာ၌ ဝန်ထမ်းများ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်ဖြင့် ရုံးလုပ်ငန်းတာဝန်များကိုကျေပွန်စွာ ဆောင်ရွက်ကြရန်၊ နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် မိမိတိုင်းပြည်၊ မိမိဝန်ကြီးဌာနအပေါ် သစ္စာရှိစွာလုပ်ကိုင်ဆောင်ရွက်ကြရန်၊ ဖြစ်ပေါ်နေသောအခြေအနေအရပ်ရပ်ကို သိရှိနားလည်ပြီး မှန်မှန်ကန်ကန် တွေးခေါ်ဆောင်ရွက်တတ်ကြစေရန်နှင့် လမ်းမှားမရောက်စေရန်လိုအပ်ကြောင်း၊ ရုံးပိုင်းဆိုင်ရာနှင့် အင်္ဂလိပ်စာ၊ ကွန်ပျူတာများကို သိရှိတတ်ကျွမ်းအောင် လေ့လာသင်ယူထားကြရန်၊ တာဝန်ခံမှု၊ တာဝန်ယူမှုစိတ်ဓါတ်ရှိကြရန်၊ အထက်အောက်အပြန်အလှန် လေးစားကြရန်လိုအပ်ကြောင်း၊ အောက်ခြေဝန်ထမ်းများအတွက် စားဝတ်နေရေးအဆင်ပြေစေရန် တတ်နိုင်သမျှ ဆောင်ရွက်ပေးနိုင်ရန်ကြိုးစားနေပါကြောင်း၊ ဝန်ထမ်းများ၌ အခက်အခဲများရှိပါက အဆင့်ဆင့်သတင်းပို့ပါက သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ သွား/လာဆောင်ရွက်ရာတွင် လုံခြုံရေးသတိရှိစေရန်နှင့် လိုအပ်ပါက အထက်လူကြီးကိုတင်ပြပြီးအန္တရာယ်ကင်းရှင်းအောင် လုပ်ကိုင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားသွားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ပြည်ထောင်စုခန်းမ၌ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ပထမဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ဌာနစိတ်အသီးသီးမှ လိုအပ်ချက်များအား တင်ပြကြပြီးနောက် ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ရုံးပိုင်ဆိုင်ရာလိုအပ် ချက်များ၊ ဝန်ထမ်းများ ရုံးတက်/ရုံးဆင်းသွားလာရေးခက်ခဲမှုများ၊ စားဝတ်နေရေး၊ လုံခြုံရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုကိစ္စရပ်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ တိုက်ကွမ်ဒိုလေ့ကျင့်ရေးရုံသစ် တစ်ခုတည်ဆောက်ရေးကိစ္စရပ်ကိုလည်း ထည့်သွင်းစဉ်းစား ပေးသွားမှာဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ဝန်ထမ်းစည်းမျဉ်း/ စည်းကမ်း လုပ်ထုံးလုပ်နည်းများကိုနားလည်ပြီး ရုံးလုပ်ငန်းများကိုဆောင်ရွက်တတ်ကြစေရန်၊ ဝန်ထမ်းများ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်ဖြင့် ရုံးလုပ်ငန်းတာဝန်များကိုကျေပွန်စွာဆောင်ရွက်ကြရန်၊ နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် မိမိတိုင်းပြည်၊ မိမိဝန်ကြီးဌာနအပေါ် သစ္စာရှိစွာလုပ်ကိုင်ဆောင်ရွက်ကြရန်၊ ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကို သိရှိနားလည်ပြီး မှန်မှန်ကန်ကန် တွေးခေါ်ဆောင်ရွက် တတ်ကြဖို့လိုအပ်ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဖြစ်သည့်အတွက် အားကစားနှင့်ကာယပညာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များသာမက လူငယ်ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းကိစ္စရပ်များ၊ လူငယ်အသိပညာပေးဟောပြောပွဲများနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်းမှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ဝင်း အတွင်းရှိ သင်တန်းသား/သင်တန်းသူ အိပ်ဆောင်များ တည်ဆောက်နေမှုအခြေအနေများကိုလည်းကောင်း၊ မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ ဝူရှူးအားကစားလေ့ကျင့်ရေးရုံရှိ ကြမ်းခင်းများပျက်စီးနေမှု အခြေအနေနှင့် အားကစားသမားများလေ့ကျင့်နေမှုအား ကြည့်ရှုခဲ့ကြောင်းသိရှိရသည်။