အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော်၊ စက်တင်ဘာ(၁၆)ရက်။

 မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးအတွက် ဒုတိယအကြိမ် မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီ (၂/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လူငယ်ရေးရာဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ပထမအကြိမ် ကျင်းပခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ချမှတ်ခဲ့သည့်ဆုံးဖြတ်ချက်များအား ဆက်လက်ဆောင်ရွက်သွားရန် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးမှ ခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်ရေးရာမူဝါဒတွင်ပါရှိသည့် လူငယ်ကဏ္ဍ (၁၆) ရပ်အား  ဆောင်ရွက်နိုင်ရန် နေပြည်တော်ကောင်စီ၊  တိုင်းဒေသကြီးနှင့်ပြည်နယ်လူငယ်ရေးရာကော်မတီများသည် အခြေခံကျသည့်အဖွဲ့အစည်းဖြစ်သည့်အတွက် ကော်မတီများ စနစ်တကျဖွဲ့စည်းရေး၊ ကော်မတီဝင်များ၏ လုပ်ငန်းတာဝန်များကို ထဲထဲဝင်ဝင်သိရှိနားလည်ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းများ လျှင်လျှင်မြန်မြန် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ‌နေပြည်တော်ကောင်စီ၊  တိုင်းဒေသကြီးနှင့်ပြည်နယ်  လူငယ်ရေးရာကော်မတီ အတွင်းရေးမှူးများအနေဖြင့် မိမိတို့နယ်မြေဒေသအလိုက် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို မိမိတို့ နေပြည်တော်ကောင်စီ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌထံ တင်ပြဆောင်ရွက်ခြင်း၊ ကော်မတီအစည်းအဝေးများကျင်းပပြီး‌ ဆောင်ရွက်သွားမည့် အစီအမံများရေးဆွဲတင်ပြခြင်း၊ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်မည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ လူငယ်များအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် အသက်မွေးဝမ်းကြောင်းနည်းပညာပေးသင်တန်းများ ဖွင့်လှစ်နိုင်ရေးတို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများအတိုင်း ကြိုတင်တွက်ချက်၍ လျာထားတင်ပြဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အနေဖြင့် လူငယ်ရေးရာဦးစီးဌာန စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အသိပညာပေး ဟောပြောပွဲများပြုလုပ်ခြင်း၊ ဦးစီးဌာနအစီအစဉ်ဖြင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန်အတွက် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း၊ အသက်မွေးဝမ်းကြောင်း နည်းပညာပေးသင်တန်း၊ လူငယ်များတွေ့ဆုံပွဲအခမ်းအနားနှင့် လေ့လာရေးခရီးစဉ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားနှင့် အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဝန်ထမ်းများ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းတို့အား ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ လာမည့်ဘဏ္ဍာနှစ်များတွင် ဦးစီးဌာနတွင်သာမက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာပါ ဖွင့်လှစ်ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော် အနေဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို ကဏ္ဍပေါင်းစုံမှ စနစ်တကျ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တွန်းအားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဦးတည်ချက်(၉)ရပ်အနက် လူမှုရေးဦးတည်ချက် (၃)ရပ်နှင့် လိုက်လျော ညီထွေဖြစ်စေရေး၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(၂၀၁၈-၂၀၃၀)တို့နှင့်အညီ မူဝါဒ(၇)ရပ်၊ ရည်မှန်းချက် (၇) ရပ်၊ ရှေးလုပ်ငန်းစဉ်(၁၀)ရပ် ချမှတ်ပြီး ဆယ်ကျော်သက်လူငယ်များ၏ ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ပြည်ထောင်စုစိတ်ဓာတ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရေး အလေးထားဆောင်ရွက်လျက်ရှိသည့်အပြင် လူငယ်များ၏ အခွင့်အရေးများ အပြည့်အဝရရှိခံစားနိုင်စေရေး ကာကွယ်သွားရန် ဥပဒေရေးဆွဲပြဌာန်း၍ ရည်မှန်း ဆောင်ရွက်သွားကြရမည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီဝင်အားလုံးနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လူငယ်ရေးရာကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြပေးကြရန် ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက ပထမအကြိမ် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ (၁/၂၀၂၂)၏ ဆုံးဖြတ်ချက် (၁၂)ချက်အပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် အစည်းအဝေးသို့ တက်ရောက် လာကြသည့်ဌာနဆိုင်ရာများမှ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များက လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး၊ ဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသက်မွေးဝမ်းကြောင်းနည်းပညာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးစသည့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို အရှိန်အဟုန်မပြတ် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေပြီး အတွေးအခေါ်မှန်ကန်စေရန်နှင့် ဗလ ငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကဏ္ဍပေါင်းစုံနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးအကြံပြု ရှင်းလင်းတင်ပြခဲ့ကြရာ ဒုတိယဝန်ကြီးက လူငယ်များ ဖွံ့ဖြိုးတိုးတက်စေရန် ထောင့်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် အတွက် သက်ဆိုင်ရာဌာနများ အားလုံးပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်ဆောင်ရွက်သွားခြင်းဖြင့် အနာဂတ်တွင် လူငယ်များ၏ဘဝ သာယာလှပပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထောက်အကူပြုနိုင်မည့် လူတော်လူကောင်းများစွာ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် လူငယ်ရေးရာ ကော်မတီဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံကင်းထောက်အဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများမှ Virtual Online စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။