အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း မသန်စွမ်းလူငယ်ရေးရာအသိပညာပေး ဆွေးနွေးပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ စက်တင်ဘာ(၈)ရက်။

မသန်စွမ်းလူငယ်များ၏ ဘဝမြှင့်တင်ပေးနိုင်ရန်နှင့် ဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်စေရန် ရည်ရွယ်၍ “ မသန်စွမ်းလူငယ်ရေးရာအသိပညာပေးဆွေးနွေးပွဲအခမ်း အနား” ကို ယနေ့နံနက် (၁၀:၀၀)နာရီ အချိန်တွင် ပြည်ထောင်စုယ်မြေ(နေပြည်တော်)၊ ပျဉ်းမနားမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူဝါဒ၊ ရည်မှန်းချက်နှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်ပြီး ကဏ္ဍပေါင်းစုံမှ ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဌာနပေါင်းစုံပူးပေါင်းပါဝင်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်း၍ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် လူငယ်ရေးရာကော်မတီကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ မသန်စွမ်းသူများအတွက် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာဥပဒေကိုလည်းကောင်း၊ ၂၀၁၇ခုနှစ်တွင် မြန်မာနိုင်ငံမသန်စွမ်းသူများ အခွင့်အရေးနည်းဥပဒေကိုလည်းကောင်း ပြဌာန်းရေးဆွဲခဲ့ပြီး ယခုအခါ မသန်စွမ်းသူ များအခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်း၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး မသန်စွမ်းသူများ ထောက်ပံ့မှုဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခြင်း၊ မသန်စွမ်းလူငယ်များ အသက်မွေးဝမ်းကြောင်းပညာများသင်ကြားနိုင်ရန်နှင့်မသန်စွမ်းလူငယ်များအား စောင့် ရှောက်ပေးနိုင် ရန်ရည်ရွယ်ပြီး ရန်ကုန်နှင့်မန္တလေးမြို့ကြီးများတွင် အမြင်အာရုံချို့တဲ့သူများအတွက် မျက်မမြင်သင်တန်းကျောင်း၊ အကြားအာရုံမသန်စွမ်းကလေးများအတွက် နားမကြားကလေးသင်တန်းကျောင်း၊ မသန်စွမ်း သက်ငယ်သင်တန်းကျောင်း၊ ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် သက်ကြီးသင်တန်းကျောင်းနှင့် မသန်စွမ်းဂေဟာတို့ကို ဖွင့်လှစ်ပြီး အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများ၏ မဟာဗျူဟာ(၅)နှစ်၊ (၂၀၂၂ခုနှစ်မှ ၂၀၂၇ခုနှစ်အထိ) စီမံကိန်းရေးဆွဲလျက် အတည်ပြု ဆောင်ရွက်ကာ မသန်စွမ်းစာရင်းများ ကောက်ယူ၍ မသန်စွမ်းမှတ်ပုံတင်ပြုလုပ်ပေးပြီးနိုင်ငံတော်အနေဖြင့် မသန်စွမ်းကဏ္ဍအား ထိထိရောက်ရောက်ပံ့ပိုးပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းလူငယ်များအခြေခံပညာသင်ကြားနိုင်ရေး၊ အဆင့်မြင့်ပညာ သင်ကြားခွင့်ရှိပါက သင်ကြားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေး၊ မသန်စွမ်းလူငယ်များကို ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် နိုင်ငံတော်မှ ထောက်ပံ့စီမံဆောင်ရွက်ပေးနိုင်ရေး၊ မသန်စွမ်းလူငယ်များ အသက်မွေးဝမ်းကြောင်းပညာ လွယ်လင့်တကူ သင်ကြားတတ်မြောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ မသန်စွမ်းလူငယ်များ မသန်စွမ်းမှုအမျိုးအစားပေါ် မူတည်၍ မသန်စွမ်းအားကစားသင်တန်းများ တက်ရောက်လေ့ကျင့်နိုင်ရေး၊ မသန်စွမ်း မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာပြီး နိုင်ငံ့ဂုဏ်ဆောင် မသန်စွမ်းအားကစားသမားများ ထွက်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနသည် လူငယ်များကိုအခြေခံပြီး အားကစားကို အဓိက တာဝန်ယူဆောင်ရွက်ရသည့် ဌာနဖြစ်သည့်အတွက် လူငယ်များအားပြုစုပျိုးထောင်ရာတွင် အားကစားနှင့်စည်းရုံးဆောင်ရွက်သွားရမှာဖြစ်ပြီး မသန်းစွမ်းလူငယ်များကိုလည်း မသန်စွမ်းမှု အမျိုးအစားပေါ် မူတည်၍ သင်ကြားလေ့ကျင့်ခွင့်ရရှိအောင် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် အားကစားသမားများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြဆုကြေးငွေများ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ မသန်စွမ်းလူငယ်များ၏ ဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်းဆုံး ကူညီပံ့ပိုး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မသန်စွမ်းလူငယ်များ စိတ်ဓာတ်ခွန်အားများ ရရှိစေရန်အတွက် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မသန်စွမ်းအားကစားသမားများ၏ လေ့ကျင့်မှု၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုများနှင့် နိုင်ငံတော်မှဂုဏ်ပြုဆုကြေးငွေ ချီးမြှင့်ခဲ့မှုများအား Video Clip ဖြင့် ပြသခဲ့ပြီးနောက် နေပြည်တော် မသန်စွမ်းသူများအသင်း ဥက္ကဌ ဒေါ်ခင်သီတာထွန်းမှ အသင်း၏ ဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များ၊ မသန်စွမ်းသူများ၏ ပညာသင်ကြားမှုဆိုင်ရာ အခက်အခဲများ၊ မသန်စွမ်းသူများကြုံတွေ့ခံစားနေရသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေး တင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် မသန်စွမ်းသူများကိုယ်စား မသန်စွမ်းလူငယ်တစ်ဦးမှ ဘဝအာမခံချက်အဖြစ်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် မသန်စွမ်းမှုအမျိုးအစား အဆင့်သတ်မှတ်၍ အမျိုးသားနိုင်ငံသားစိစစ်ရေးကတ်ပြားရရှိအောင် အမြန်ဆုံး ကူညီပံ့ပိုး ဆောင်ရွက်ညှိနှိုင်းပေးနိုင်ပါရန် တင်ပြခဲ့ရာ ဒုတိယဝန်ကြီးဒေါက်တာစိုးဝင်းနှင့် နေပြည်တော်ကောင်စီဥက္ကဌဦးမြင့်စိုးတို့မှ ဆွေးနွေးတင်ပြခဲ့မှုများနှင့် ကျောင်း၊ ဆေးရုံ၊ ဈေးတို့တွင် မသန်စွမ်းမှုများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် လျှောက်လမ်းနေရာများ ဆောက်လုပ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်း၍ အကြီးအကဲများထံသို့ ထပ်ဆင့်တင်ပြဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများအား လူငယ်ရေးရာဦးစီးဌာန၏ လက်ကမ်းစာစောင်များ ဖြန့်ဝေပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဒုတိယဥက္ကဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်၊ ညွှန်ကြားရေးမှူး ဦးလှိုင်ဌေးအောင်၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသက်လွင်ဦး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်၊ ပျဉ်းမနား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အတွင်းရှိ အသက်(၃၅)နှစ်အောက် မသန်စွမ်းလူငယ်(၁၅၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။