အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အလေးမနည်းပြသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ စက်တင်ဘာ(၅)ရက်။

အလေးမအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက် လာစေရန်နှင့် အားကစားပြိုင်ပွဲများတွင် လက်ရှိကျင့်သုံးလျက်ရှိပြီး အချိန်နှင့်တစ်ပြေးညီ တိုးတက်ပြောင်းလဲနေသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း/ စည်းကမ်းများကို အချိန်တိုအတွင်း သိရှိလေ့လာ နိုင်စေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် “ အလေးမနည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနား” ကို ယနေ့နံနက် (၉:၀၀)နာရီ အချိန်တွင် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်းရှိ Multipurpose Hall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဦးစွာ သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အလေးမအဖွဲ့ချုပ်ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၁၉၄၆ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ကြောင်း၊ အလေးမအဖွဲ့ချုပ်သည် စတင်ဖွဲ့စည်းခဲ့ချိန်မှစ၍ အိုလံပစ်အားကစားပြိုင်ပွဲ၊ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ၊ အာရှချန်ပီယံပြိုင်ပွဲ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများနှင့် အခြားသောအပြည်ပြည်ဆိုင်ရာပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ကာ ဆုတံဆိပ်များ မလွတ်တမ်း ရယူပေးနိုင်ခဲ့ပြီးသက်တမ်း ကြာရှည်စွာ ဖြတ်သန်း၍ နိုင်ငံ့ဂုဏ်ဆောင်ပေးခဲ့သည့် အားကစားအဖွဲ့ချုပ် တစ်ခုဖြစ်သည်ကို မှတ်တမ်းများအရ သိရှိခဲ့ရပါကြောင်း၊ အလေးမအားကစားနည်းအနေဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် (၉၁)ခု၊ ငွေတံဆိပ် (၆၂)ခု၊ ကြေးတံဆိပ် (၆၅)ခု၊ စုစုပေါင်း ဆုတံဆိပ်(၂၁၈)ခုအား မြန်မာနိုင်ငံအတွက် ဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး စဉ်ဆက်မပြတ် အောင်မြင်မှုများ ရရှိခဲ့သည့် အားကစားနည်း(၁)နည်း ဖြစ်ပါကြောင်း မြန်မာ့အားကစားလောက အောင်မြင်တိုးတက်စေရန် နိုင်ငံတော်မှ အားကစားသမားများအား စနစ်တကျ စခန်းသွင်းလေ့ကျင့်ပေးနိုင်ရေးအတွက် အားကစားကွင်း/အားကစားရုံများ၊ အထောက်အကူပြု အားကစားအသုံးအဆောင်ပစ္စည်းများကို နှစ်စဉ်နှစ်တိုင်း ပိုမိုပံ့ပိုး ထောက်ပံ့ပေးလျက်ရှိသည့်အတွက် အားကစားအဖွဲ့ချုပ်များအနေဖြင့်လည်း မျိုးဆက်သစ်အားကစားသမားများမှသည် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားများအဖြစ် ထွက်ပေါ်လာစေရေးအတွက် ပြုစုပျိုးထောင်လေ့ကျင့်ပေးသွားရန် အလေးထားဆောင်ရွက်သွားကြစေလိုကြောင်း၊ မိမိသင်ကြားလေ့ကျင့်ပေးမည့် အားကစားသမားများကို နည်းစနစ်ပိုင်းများသာမက စည်းမျဉ်း/စည်းကမ်းများ၊ နည်းဥပဒေများ၊ အားကစားသမားကောင်းတစ်ဦးတွင် ထားရှိရမည့်စိတ်ဓါတ်၊ စည်းကမ်းလိုက်နာမှုတို့ကိုပါ သင်ကြားပေးသွားရမည်ဖြစ်ပြီး အင်အားဖြစ်စေမည့် အစာအာဟာရများ စားသုံးတတ်စေရန်နှင့် တားမြစ်ဆေးဝါး၏ ဆိုးကျိုးများကို နားလည်သဘောပေါက်ပြီး ရှောင်ကြဉ်နိုင် စေရန်အတွက် အထူးလေ့ကျင့်သင်ကြားပေးသွားရန်လိုကြောင်း၊ သင်တန်းသား/သင်တန်းသူများ အနေဖြင့် မိမိတို့တာဝန်ကျရာ ဒေသအသီးသီးမှာ မျိုးဆက်သစ် အလေးမအားကစားသမားများအား ရှာဖွေ၊ စည်းရုံး၊ စုဆောင်းပြီး လေ့ကျင့်သင်ကြားပေးနိုင်ရေးအတွက် ယခုသင်တန်းတွင်  စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးမည့် သင်ခန်းစာများကို စိတ်ပါဝင်စားစွာဖြင့် ထိထိမိမိလေ့လာ သင်ယူမှတ်သား၍ ပြန်လည်အသုံးချပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် မျိုးဆက်သစ်အလေးမ အားကစားသမားများ  ထွက်ပေါ်လာစေရန် ပြုစုပျိုးထောင်ပေးနိုင်သည့် နည်းပြဆရာကောင်းများ ဖြစ်အောင် ကြိုးစားအားထုတ်၍ သင်ယူလေ့လာသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း  ပြောကြားခဲ့ပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊  ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးနေဝင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊  အလေးမအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကာလအဖြစ် စက်တင်ဘာလ(၅) ရက်နေ့မှ စက်တင်ဘာလ (၉)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်မှ သင်တန်းနည်းပြဆရာ(၆)ဦးတို့ဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ (၂၆)ဦး တက်ရောက်သင်ကြားသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက်  Training Hall No(3) တွင် ပိုက်ကျော်ခြင်းအားကစားသမားများနှင့် တိုက်ကွမ်ဒိုအားကစားသမားများ၏ လေ့ကျင့်နေမှု များအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားသမားများအား ကျန်းမာရေးအထူးဂရုစိုက်ကြရန်နှင့် သတ်မှတ်ထားသည့်အမှတ်ရနိုင်မည့်နေရာများ၊ ကန်ချက်များကို သိရှိနားလည်ပြီး စနစ်တကျ မှန်မှန်ကန်ကန် လေ့ကျင့်နိုင်ရန်အတွက် လိုအပ်သည့် လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းများအား ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိ(C)ရုံ၌ ခန့်တည်ကြည်ကုမ္ပဏီနှင့် ဝဏ္ဏသိဒ္ဓိ(A)ရုံ၌ မဏိကမ္ဘာကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လျှာထိုးကြမ်းခင်း ပြုပြင်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ကုမ္ပဏီမှတာဝန်ရှိသူများအား သတ်မှတ်ထားသည့် ကာလအတွင်း အချိန်မီပြီးစီးစေရေးနှင့် သတ်မှတ် စံချိန်၊ စံညွှန်း၊ အရည်အသွေးကောင်းမွန်ပြီး စေတနာထား၍ လုပ်ကိုင်ဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာကြားခဲ့ပြီး အခက်အခဲများရှိပါက ပေါင်းစပ်ကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။