အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ

နေပြည်တော်၊ ဩဂုတ် (၂၂)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာစိုးဝင်းနှင့် လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ တွေ့ဆုံမိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ (၂:ဝဝ) နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လူငယ်ရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာစိုးဝင်း၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်နှင့် ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက မိတ်ဆက်အမှာစကားပြောကြားရာတွင် လူငယ်များသည် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သည့်အတွက် မှန်ကန်သောအတွေးအခေါ်များရှိစေရန်နှင့် လမ်းကြောင်းမှန်ပေါ်ရောက်အောင် ပြုစုပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ လူငယ်များ၏ အကျင့်စာရိတ္တ ကောင်းမွန်စေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် မိမိတို့ဝန်ထမ်းများမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဖြစ်သည့်အတွက် အားကစားဖြင့်အမိနိုင်ငံတော်၏ ဂုဏ်ကိုမြှင့်တင်ပေးရမည်ဖြစ်သလို လူငယ်ရေးရာဦးစီးဌာနအနေဖြင့်လည်း လူငယ်များ၏အခန်းကဏ္ဍပိုမိုတိုးတက်အောင် ဆောင်ရွက်သွားရန်နှင့် လူငယ်များ၏ စွမ်းအင်များကို နည်းလမ်းမှန်ကန်စွာအသုံးချတတ်စေရေး ဝိုင်းဝန်းကြိုးပမ်း အကောင်အထည် ဖော်ဆောင်ပေးရန်လိုအပ်ကြောင်း၊ လူငယ်များကို အနာဂတ်တွင် ပညာရည်ထူးချွန်ပြီး အကျင့်စာရိတ္တ နှင့်စည်းကမ်းကောင်းမွန်သော လူတော်လူကောင်းများဖြစ်လာစေရေး၊ ထူးချွန်ထက်မြက်သော ခေါင်းဆောင်ကောင်းများဖြစ်လာစေရန်အတွက် ပြုစုပျိုးထောင်ပေးရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများ အချင်းချင်း အပြန်အလှန်ရိုင်းပင်းကူညီဖေးမပြီး ဌာန၏လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် ပိုမိုအောင်မြင်တိုးတက်အောင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လူတိုင်းတွင် တန်ဖိုးနှင့်အရည်အချင်းများကိုယ်စီရှိကြကြောင်း၊ မိမိတို့အားပေးအပ်ထားသော လုပ်ငန်းတာဝန်များကို ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် စေတနာထားပြီး လုပ်ငန်းများဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် လူငယ်ရေးရာဦးစီးဌာနရှိ စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ၊ လူ့စွမ်းအားအရင်းအမြစ်၊ လေ့ကျင့်ရေးနှင့်အသိပညာပေးဌာနခွဲ၊ သတင်းပြန်ကြားရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနခွဲနှင့် မသန်စွမ်းလူငယ်များဌာနခွဲတို့မှ အရာထမ်း/အမှုထမ်းများက တစ်ဦးချင်းဂါရဝပြုမိတ်ဆက်ခဲ့ကြပါသည်။

ဆက်လက်၍ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက ဦးစီးဌာန၏ ရည်မှန်းချက်များ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိကကဏ္ဍများ၊ အာဆီယံတွင် လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ လည်းကောင်း၊ လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုစသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို အရှိန်အဟုန်မပြတ် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ လူငယ်များအလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရေး၊ မျိုးချစ်စိတ်ဓါတ်ရှင်သန် ထက်မြက်စေရေး၊ အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြခဲ့ပါသည်။

အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းအား ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့်တာဝန်ရှိသူများမှ ဌာနခွဲအလိုက်ရုံးခန်းဖွင့်လှစ်ထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံရှင်းလင်းပြသခဲ့ပြီး ဒုတိယဝန်ကြီးမှလိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။