အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၆)ကြိမ်မြောက် အာဆီယံအားကစားဝန်ကြီးများ အစည်းအဝေးတက်ရောက်

နေပြည်တော်၊ အောက်တိုဘာ (၂၈) ရက်။

စင်္ကာပူနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၆)ကြိမ်မြောက် အာဆီယံ အားကစားဝန်ကြီးများ အစည်းအဝေး၊ ASEAN Ministerial Meeting on Sports (AMMS-6) နှင့် Related Meeting ဖြစ်သည့် The 3rd ASEAN Plus Japan Ministerial Meeting on Sports (3rd AMMS+Japan) ကို (၂၈.၁၀.၂၀၂၁) ရက်နေ့တွင် Video Conference စနစ်ဖြင့် ကျင်းပရာ အာဆီယံအဖွဲ့ဝင်(၁၀)နိုင်ငံ အပါအဝင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးမင်းသိန်းဇံ ဦးဆောင် ၍ အစည်းအဝေးအား မြန်မာစံတော်ချိန် နံနက် (၇)နာရီခွဲတွင် စတင်ခဲ့ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ အားကစားဝန်ကြီးအသီးသီးမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြပါသည်။

အစည်းအဝေးအား စင်္ကာပူနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းနှင့် လူငယ်ရေးရာဝန်ကြီး Mr. Edwin Tong, Singapore မှ အဖွင့်အမှာစကားပြောကြားပါသည်။ စင်္ကာပူနိုင်ငံ AMMS-6 ဥက္ကဋ္ဌမှ 10th, 11th and 12th SOMS အစည်းအဝေးများ၏ ဆုံးဖြတ်ချက် ဆောင်ရွက်နေမှုများကို တင်ပြပါသည်။

ဆက်လက်ပြီး (၄၀) ကြိမ်မြောက် အာဆီယံညီလာခံ (40th ASEAN Summit) သို့ တင်ပြမည့် စာရွက်စာတမ်းများနှင့် AMMS-6 အစည်းအဝေးတွင် ဆွေးနွေးချက်များအား အတည်ပြုခဲ့ကြပါသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော အာဆီယံနိုင်ငံ ဝန်ကြီး များ အသီးသီးမှ နိုင်ငံအလိုက် ဆွေးနွေးတင်ပြကြပြီး မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးတင်ပြရာ တွင် အာဆီယံပူးပေါင်းဆောင်ရွက်ရေး ပရောဂျက်နှင့် စီမံချက်ကဏ္ဍတိုင်းကို အကောင်အထည်ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊မြန်မာအစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရန် သတ်မှတ်ထားသော အုပ်စုများအလိုက် ကာကွယ်ဆေး ထိုးနှံပေးခြင်း အစီအစဉ်များကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁-၂၀၂၅ အာဆီယံ အားကစားဆိုင်ရာ လုပ်ငန်း စီမံချက်အရ ဦးဆောင်နိုင်ငံအဖြစ် လုပ်ဆောင်ချက် (၅) ချက်ရှိပါကြောင်း၊ ၎င်းတို့အနက်မှ ၂၀၂၁ ခုနှစ်တွင် အားကစားမှတစ်ဆင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ လူငယ်ခေါင်းဆောင်မှု ဆောင်ရွက်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်   မျှော်လင့်ထားသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါနှင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကြောင့် ယခုကာလတွင် လုပ်ဆောင်ရန် မဖြစ်နိုင်သေးပါကြောင်း၊ကျွန်ုပ်တို့အနေဖြင့် နိုင်ငံတစ်ဝှမ်းတွင် အားကစား လှုပ်ရှားမှုများကို လုပ်ဆောင်နိုင်ရန်အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နေပါကြောင်း၊ အဆိုပါလုပ်ဆောင်ချက်များထဲမှ ၂၀၂၀ ခုနှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိ “ Online Physical Fitness Dance Competition” ပြိုင်ပွဲ အစီအစဉ်များကို (၃)လခန့် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အုပ်စုအသင်း(၁၄)သင်းဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ကြောင်း၊ ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနှင့် ပြည်ထဲရေးဝန်ကြီးဌာန တို့ ပူးပေါင်းပြီး အကျဉ်းထောင်များနှင့် အကျဉ်းသားများ၏ ကျန်းမာသော လူနေမှုပုံစံ တိုးမြှင့်နိုင်ရန် အကျဉ်းထောင်များတွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် Physical Fitness Dance လေ့ကျင့်ခန်းများကို သရုပ်ပြ လေ့ကျင့် ပေးခဲ့ပါကြောင်း၊ အဆိုပါ Program သည် အများပြည်သူများ အားကစားတွင် ပါဝင်ဆင်နွှဲနိုင်ရန်နှင့် ပြည်သူလူထု၏ အသိပညာကို မြှင့်တင်ရာတွင် အလွန်ထိရောက်သော Program တစ်ခုဖြစ်ပါကြောင်း၊ ကျွန်ုပ်တို့၏ အမျိုးသားကဏ္ဍအနေဖြင့် ကျွန်ုပ်တို့သည် ကိုဗစ်-၁၉ အလွန် ကာလတွင် အားကစားနည်း (၁၂)နည်းတွင် ကစားသမား(၂၅၀)ဦးဖြင့် “ Youth    Camp” ကို ဖွဲ့စည်းတည်ထောင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊   ဤ Program ၏ ရည်ရွယ်ချက်များ ကျွန်ုပ်တို့ လူငယ်များ၏ ဘဝကို မြှင့်တင်ရန်၊ ရာဇဝတ်မှုများမှ တားဆီးကာကွယ်ရန်နှင့် Professional ကစားသမားများ ဖြစ်လာစေရန် ရည်ရွယ်ပါကြောင်း၊  အဆိုပါ Program သည် ASEAN WORK PLAN ON SPORTS  2021-2025 တွင် မပါဝင်သော်လည်း ၎င်း Program နှင့်ချိတ်ဆက်ပြီး ပြည်တွင်း အားကစားသမားများသာမက အာဆီယံကစားသမားများနှင့် ပူးပေါင်း၍ “ အားကစားနည်းဖြင့် လူငယ်ခေါင်းဆောင်မှု မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံ လေ့ကျင့်ရေး အစီအစဉ်” (“ ASEAN TRAINING PROGRAM ON ENHANCHING ETHICAL YOUTH          LEADERSHIP THROUGH SPORTS” ) အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် မျှော်လင့်ထားပါကြောင်း၊  အဆိုပါ လှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ အားကစားမှတစ်ဆင့် လူငယ်အချင်းချင်း အသိပညာ၊ ချစ်ကြည်ရင်းနှီးမှု၊ ငြိမ်းချမ်းရေးနှင့် ခေါင်းဆောင်မှု ဖလှယ်ရန်တို့ဖြစ်ကြောင်း၊ ယခု ကျွန်ုပ်တို့ဝန်ကြီးဌာန၏ အမည်ကို “ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန”  ဟူ၍ ပြောင်းလဲပြီးဖြစ်ကြောင်းကို အသိပေးလိုပါကြောင်း၊ ကျွန်ုပ်တို့ နိုင်ငံ၏ လူငယ်ကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစား လုပ်ဆောင်နေပါကြောင်း၊ ကျွန်တော်တို့သည် နိုင်ငံတော်အဆင့်တွင် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ်များ၊ Program များနှင့် မဟာဗျူဟာများကို ရေးဆွဲလျက်ရှိကြောင်း၊ နောက်ဆုံးအနေနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံးနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်ခွင့်ရရှိသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်းကို ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အာဆီယံဝန်ကြီးများ၏ ဆွေးနွေးချက်များအား အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်မှ ပြန်လည်သုံးသပ် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အားကစားဝန်ကြီးအသီးသီးတို့က အထွေထွေ ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်ကျင်းပမည့် (AMMS-7) ကို ကျင်းပပြုလုပ်ရန် ရွေးချယ်ရာတွင် ထိုင်းနိုင်ငံမှ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ထို့နောက် နေ့ခင်းပိုင်းအစီအစဉ်အဖြစ် The 3rd ASEAN Plus Japan Ministerial Meeting on Sports (3rd AMMS+Japan) အား ဆက်လက်ကျင်းပရာ AMMS-6 ဥက္ကဋ္ဌ၊ စင်ကာပူနိုင်ငံ၊ ယဉ်ကျေးမှု၊ လူအဖွဲ့အစည်းနှင့် လူငယ်ရေးရာဝန်ကြီး၊ Mr. Edwin Tong, Singapore မှ ပြင်ဆင်ထားရှိသည်များကို ရှင်းလင်းတင်ပြပါသည်။

3rd AMMS+Japan အစည်းအဝေး၏ Joint Statement အား ဆောင်ရွက်ရန်  ဆွေးနွေးခြင်းနှင့် 4th AMMS+Japan အစည်းအဝေးကို ထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၌ ကျင်းပသွားမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ အထွေထွေဆွေးနွေးခဲ့ကြပါသည်။  AMMS-6 ဥက္ကဋ္ဌ၊ စင်ကာပူနိုင်ငံ၊ ယဉ်ကျေးမှု၊ လူအဖွဲ့အစည်းနှင့် လူငယ်ရေးရာဝန်ကြီး၊ Mr. Edwin Tong, Singapore မှ နိဂုံးချုပ် အမှာစကားပြောကြား အစည်းအဝေးအား မြန်မာစံတော်ချိန် နေ့လယ် (၁) နာရီခွဲတွင် ရုပ်သိမ်းခဲ့ပါသည်။