အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် မသန်စွမ်း အားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှု ကြည့်ရှုအားပေး

နေပြည်တော်၊ ဩဂုတ် (၄)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူ များလိုက်ပါလျက် ယနေ့နံနက် (၉:၃၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားလေ့ကျင့်ရေးကွင်းအမှတ်(၃)၌ AFC Women’s Club Championship 2022 (EAST) အာရှအမျိုးသမီးကလပ်အသင်းများ ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ISPE (FC) ဘောလုံး(အမျိုးသမီး)အသင်း၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားသမားများအားတွေ့ဆုံ၍ ကျန်းမာရေးနှင့်လုံခြုံရေး အထူးဂရုစိုက်ရန် လိုအပ်ကြောင်း၊ ခန္ဓာကိုယ်ကျန်းမာမှ လေ့ကျင့်ထားသည့်အတိုင်း ပြိုင်ပွဲတွင် မိမိတို့၏ အစွမ်းအစများ၊ အရည်အချင်းများကို ဖော်ထုတ်ပြသကစားနိုင်မည်ဖြစ်ကြောင်း၊ အသင်းအဖွဲ့ဖြင့် ကစားရသည့် အားကစားနည်းဖြစ်သည့်အတွက် စည်းလုံးညီညွတ်စွာဖြင့် တစ်ကိုယ်ကောင်းစိတ်မထားဘဲ ယှဉ်ပြိုင်ကစားကြဖို့လိုအပ်ကြောင်း၊ နည်းပြများအနေဖြင့် လေ့ကျင့်ချိန်တွင် မိမိအသင်းသားများ၏ အားနည်းချက်/အားသာချက်များကို သုံးသပ်ပြုပြင်၍ လေ့ကျင့်သင်ကြားပေးသွားရန်လိုကြောင်း၊ အားကစားထူးချွန်ပြီး အောင်မြင်မှုရရှိလာပါက နိုင်ငံတော်မှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိကြောင်း၊ တစ်ဖက်ပြိုင်ဘက်အသင်း၏ အားသာချက်/အား နည်းချက်များကို လေ့လာပြီး မဆုတ်မနစ်သောစိတ်ဓာတ်၊ မလျော့သောဇွဲ၊လုံ့လတို့ဖြင့် ရေကုန်ရေခမ်း အစွမ်းကုန် ကြိုးစား ယှဉ်ပြိုင်ခဲ့ကြရန် တိုက်တွန်းမှာကြားခဲ့ပြီးနောက် ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် လိုအပ်သည့် အုပ်ချုပ်/ထောက်ပံ့မှုကိစ္စရပ်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါ AFC Women’s Club Championship 2022 (EAST) အာရှအမျိုးသမီးကလပ်အသင်းများ ဘောလုံးပြိုင်ပွဲကို ဩဂုတ်လ(၁၅)ရက်နေ့မှ(၂၁)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချောင်ဘူရီမြို့ တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် အုပ်ချုပ်/နည်းပြ၊ အားကစားသမားစုစုပေါင်း(၂၉)ဦးမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး (၁၅.၈.၂၀၂၂)ရက်နေ့ ဒေသစံတော်ချိန်ညနေ(၆)နာရီတွင် ISPE FC(MYA)အသင်းနှင့် Taichung Blue Whale FC(TPE) အသင်းတို့မှလည်းကောင်း၊ (၁၈.၈.၂၀၂၂)ရက်နေ့ ဒေသစံတော်ချိန်ညနေ(၆)နာရီတွင် Champion Of 2022 Season (THA)အသင်းနှင့် ISPE FC(MYA)အသင်းတို့မှလည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၁၁)ကြိမ်မြောက်အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်မသန်စွမ်းအားကစားသမားများ၏ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကစားနေမှုများကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံး၌ Virtual Online စနစ်ဖြင့် သွားရောက်ကြည့်ရှုအားပေးခဲ့ရာ ရေကူးအားကစားနည်းမှ မီတာ(၁၀၀) Breaststrok (ဖားကူး)ပြိုင်ပွဲတွင် မောင်နန္ဒစိုးမင်းမှ ရွှေတံဆိပ်ဆုအားလည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်း (အမျိုးသား)သံပြားဝိုင်းပစ်(F44)ပြိုင်ပွဲအမျိုးအစားတွင် မောင်ဇော်မင်းလွင်မှ ငွေတံဆိပ်ဆုနှင့် (F42/63)ပြိုင်ပွဲအမျိုးအစားတွင် မောင်အောင်ထွန်းလင်းမှ ကြေးတံဆိပ်ဆုအားလည်းကောင်း၊ မြားပစ်အားကစားနည်းမှ Compound (အမျိုးသမီး)ပြိုင်ပွဲတွင် မစိန်ဖော့မှ ကြေးတံဆိပ်ဆုအားလည်းကောင်း နိုင်ငံတော်အတွက် ဆုတံဆိပ်များကို အသီးသီး ထပ်မံဆွတ်ခူးရယူပေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ (၄)ရက်နေ့မှ အောက်တိုဘာလ(၁၃)ရက်နေ့အထိ Online စနစ်ဖြင့် ကျင်းပပြုလုပ်မည့် အာဆီယံလူငယ်စကားဝိုင်း ၂၀၂၂ခုနှစ် (ASEAN Youth Debate 2022)သို့ မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် လူငယ်ကိုယ်စားလှယ်များ၏ ပထမပတ်လည်ပြိုင်ပွဲ ယှဉ်ပြိုင်ရန်အတွက်လေ့ကျင့်ပြင်ဆင် ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။

အဆိုပါ အာဆီယံလူငယ်စကားဝိုင်း ၂၀၂၂ခုနှစ် (ASEAN Youth Debate 2022)တွင် မြန်မာနိုင်ငံကိုယ်စားပြုအသင်းအနေဖြင့် (အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့မှ လူငယ်ကိုယ်စားလှယ်(၁၉)ဦးတို့သည် ပထမပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို အသင်း(၃)သင်းဖြင့် ဩဂုတ်လ(၅)ရက်နေ့တွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။