အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး၊ ဦးမင်းသိန်းဇံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၄)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော်၊ ဩဂုတ်(၂)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၄)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉:ဝဝ)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တာဝန်ခံညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနဖြစ်သည့် အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးတာဝန်ခံများအနေဖြင့် အားကစားကဏ္ဍအပြင် လူငယ်ရေးရာလုပ်ငန်းများကိုပါ ပူးတွဲတာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ မိမိအား ပေးအပ်ထားသော လုပ်ငန်းတာဝန်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားအားထုတ် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သို့မှသာ မိမိဝန်ကြီးဌာနလုပ်ငန်းများ အောင်မြင်တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအချင်းချင်း အထက်အောက် အပြန်အလှန် လေးစားမှုရှိပြီး မိသားစုစိတ်ဓါတ်ဖြင့် လုပ်ငန်းများ ပိုမိုအောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများနှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများအနေဖြင့် ဝန်ထမ်းများအား စီမံ/အုပ်ချုပ်ကွပ်ကဲရာတွင် စိတ်ရှည်ပြီး လုပ်ငန်းဆောင်ရွက်ချက်များကို မှန်ကန်စွာကိုင်တွယ်ဖြေရှင်းရန်နှင့် ခေါင်းဆောင်ကောင်း ပီသစွာ မိမိလက်အောက်ရှိ ဝန်ထမ်းများအပေါ် ကျောသား/ရင်သား မခွဲခြားဘဲ အားလုံးကိုတန်းတူညီမျှ ဆက်ဆံရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ မူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရာတွင် မိမိတို့၏ အတွေ့ အကြုံ/ ထိုးထွင်းဉာဏ်များဖြင့် ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်သွားကြရန်နှင့် ဌာနရှိဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုများကြောင့် ဝန်ကြီးဌာန၏လုပ်ငန်းများ အတိုင်းအတာတစ်ခုထိ အောင်မြင်သည်ကို တွေ့မြင်ရပါကြောင်း၊ မိမိအနေဖြင့် တာဝန်ရှိသူများနှင့်အတူ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ အားကစားကွင်း/အားကစားရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် အားသာချက်/အားနည်းချက်များကို ပြင်ဆင်ရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများသည် မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန်လိုကြောင်းနှင့် မိမိဒေသ၏ လုံခြုံရေးအခြေအနေကို ကြည့်ရှုပြီး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများကို ကျင်းပပေးရန်လိုကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ဖြည့်စွက်အမှာစကား ပြောကြားရာတွင် တာဝန်ခံညွှန်ကြားရေးမှူးများအနေဖြင့် ရုံးလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုကဏ္ဍအလိုက် စနစ်တကျတာဝန်ခွဲဝေပေးရန်လိုကြောင်း၊ ရုံးစာများ ကျိုးပေါက်မှုမရှိစေရေး စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ အားကစားကွင်း/အားကစားရုံများကို စနစ်တကျစာရင်းပြုစုထားရန်နှင့် အသစ်တိုးချဲ့ တည်ဆောက်မည့် အားကစားကွင်း/အားကစားရုံများကိုလည်း လျာထားပြုစုထားရှိရန်လိုကြောင်း၊ အားကစားကဏ္ဍပြန်လည်ဦးမော့လာစေရန် ပြည်နယ်နှင့်တိုင်းဒေသကြီးညွှန်ကြားရေးမှူးများမှ အမှန်တကယ် အရည်အချင်း ရှိ ပြီး Talent ရှိသည့် မျိုးဆက်သစ်အားကစားသမားများကို ရွေးချယ်၍ သိပ္ပံကျောင်းများသို့ စေလွှတ်ပေးပို့နိုင်ရေးနှင့် သိပ္ပံကျောင်းအုပ်ကြီးများမှ နိုင်ငံ့လက်ရွေးစင်မျိုးဆက်သစ် အားကစားသမားများမွေးထုတ်ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားပြိုင်ပွဲများမှ ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံး ဝင်ရောက်ယှဉ်ပြိုင်ကြစေလိုကြောင်းနှင့် ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများကိုလည်း တိကျစွာလိုက်နာကြစေလိုကြောင်း၊ ဘတ်ဂျက်နှင့် Exchange Rate မြင့်တက်မှုကြောင့် အမှန်တကယ်လိုအပ်သည့် အသုံးစရိတ်များကိုသာ သတ်မှတ်ငွေစာရင်းခေါင်းစဉ်များ အတိုင်းသုံးစွဲကြရန်နှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း သေချာစွာစိစစ်ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများမှ ၂၀၂၂ခုနှစ်၊ ဧပြီလမှ ဇူလိုင်လ အထိ (၄)လတာ ကာလအတွင်း ဆောင်ရွက်ထားရှိ သည့် စီမံ/ဘဏ္ဍာဆိုင်ရာတင်ပြချက်များ၊ အားကစားနည်းအလိုက်နည်းပြနှင့် သင်တန်းသား/ သင်တန်းသူ အင်အားစာရင်များ၊ အားကစားလေ့ကျင့်ရေးဆိုင်ရာတင်ပြချက်များ၊ ပညာရေးဆိုင်ရာ တင်ပြချက်များ၊ အောင်ချက်မြင့်မားရေး ဆောင်ရွက်ချက်များ၊ ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မှုအခြေ အနေများ၊ B.Sc(Sports) ဆိုင်ရာကိစ္စရပ်များနှင့် အထွေထွေတင်ပြချက်များကို အသီးသီးရှင်းလင်း တင်ပြခဲ့ကြပါသည်။

ဆက်လက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးတာဝန်ခံညွှန်ကြားရေးမှူးများမှ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ဘတ်ဂျက်သုံးစွဲမှုအခြေအနေများ၊ အားကစားကွင်း/အားကစားရုံ/ကန်/မြေဂရမ်ရရှိမှု ကိစ္စရပ်များ၊ ပြည်ထောင်စု/ပြည်နယ်နှင့်တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ၊ ဒေသတွင်းအားကစားပြိုင်ပွဲကျင်းပခဲ့မှုအခြေအနေများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုနှင့်ဆုတံဆိပ်ရရှိမှု အခြေအနေများ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့မှုအခြေအနေများ၊ လူထုအားကစား လှုပ်ရှားဆောင်ရွက်မှုများ၊ Outdoor Fitness တပ်ဆင်ထားရှိမှုအခြေအနေများနှင့် အားကစားသင်တန်းများ ဖွင့်လှစ်ထားရှိမှုကိစ္စရပ်များကို အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီးနောက် ညွှန်ကြားရေးမှူးချုပ်များက လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့မှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို သုံးသပ်ဖြည့်စွက်လမ်းညွှန်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။