အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ ဩဂုတ် (၂၆)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ကျောင်းသား/ ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ တိုင်းချစ်/ပြည်ချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်စေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ကို ယနေ့နံနက်(၉:၃၀)နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းအမှတ်(၁၁)ရှိ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ အ.ထ.က(၁၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်သင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများကို အဓိကဗဟိုချက်အဖြစ် တာဝန်ယူဆောင်ရွက်နေသည့်အတွက် လူသားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ လူငယ်များ၏ အနာဂတ်ဘဝ ရည်မှန်းချက် အလားအလာ ကောင်းမွန်စေရေး၊ နိုင်ငံတော်၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ကောင်းမွန်သော လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်နိုင်ရေးတို့ကို ရည်ရွယ်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကို ပြုလုပ်လျက်ရှိပြီး ၂၀၂၂ ခုနှစ်၊ မတ်လမှ ဇူလိုင်လအထိ မြို့နယ်ပေါင်း(၂၂၁)မြို့နယ်တွင် အကြိမ်ရေစုစုပေါင်း(၂၉၀) ပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူအင်အား(၅၇၆၈၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း၊ တိုင်းပြည်၏ အခန်းကဏ္ဍများကို ပုခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များ၏ စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်နှင့် တာဝန်ယူမှု/တာဝန်ခံမှုရှိပြီး နိုင်ငံ့သားကောင်းလူရည်ချွန်များ ပေါ်ထွက်လာစေရေး ပြုစုပျိုးထောင်ပေးရန်လွန်စွာအရေးကြီးကြောင်း၊ လူငယ်များအလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရေးအတွက် နည်းပညာသင်တန်းနှင့်သက်မွေးပညာသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားသွားရန်ရှိကြောင်း၊ ယနေ့ဟောပြောပွဲသို့တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူလူငယ်များအနေဖြင့် ယခုဟောပြောပွဲမှ ရရှိသော ဗဟုသုတများ၊ အတွေးသစ်/အမြင်သစ်များကို လေ့လာမှတ်သားပြီး “ လူငယ်အင်အားစွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင်အလင်းဆောင်အံ့” ဆိုသည့် လူငယ်ရေးရာဦးစီးဌာန၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့်ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သော အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ကျောင်းသား/ကျောင်းသူလူငယ်များ အနေဖြင့် နိုင်ငံ၏ လူမှု၊ စီးပွား၊ ဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတော်မှ အားထားရသည့် အနာဂတ် ခေါင်းဆောင်ကောင်းများဖြစ်လာစေရေးနှင့် ထူးချွန်ထက်မြက်ပြီး ပညာတော်၍အားကစားထူးချွန်သော လူတော်/လူကောင်းများဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက လူငယ်များ အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုနှင့် စာပေတို့ကို ထိန်းသိမ်းမြှင့်တင်လိုစိတ်များ တိုးပွားလာစေရေး၊ လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သိပ္ပံနည်းပညာနှင့် လူမှုရေးစသည့်ကဏ္ဍများ တွင် ပိုမိုဖြည့်ဆည်းမြှင့်တင်ဆောင်ရွက်ပေးနိုင်စေရေး၊ လူငယ်များကို ခေါင်းဆောင်မှုအရည်အသွေး များ လေ့ကျင့်ပျိုးထောင်ပေးပြီး မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်စေရေး တို့အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း Power Pointဖြင့် ရှင်းလင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ဇမ္ဗူသီရိမြို့နယ် တိုက်ကွမ်ဒိုအဖွဲ့နှင့် Physical Fitness Dance အဖွဲ့တို့မှ သရုပ်ပြတင်ဆက်ခဲ့ကြပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း မှ အဆိုပါအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခြင်းနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးမှ ကျောင်းအုပ်ဆရာမကြီးထံသို့ အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။