အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဝန်ကြီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားနှင့် ဗိုဗီနမ်နည်းပြ သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ ဩဂုတ်(၁)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဖွဲ့စည်းခြင်း(၁)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးနေဝင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဌာနခွဲများမှ အရာထမ်း/အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမှာစကားပြောကြားရာတွင် ၁၉၉၆ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် အားကစားဝန်ကြီးဌာနကို စတင်ဖွဲ့စည်း၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်၊ မေလမှ စတင်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့ပြီးနောက် ၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့မှစတင်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်းသည် ယနေ့ဆိုလျှင်(၁)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၏ အားကစားကဏ္ဍဆောင်ရွက်မှုများအနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ နိုင်ငံတော်၏အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် အရှေ့တောင်အာရှ၊ အာရှနှင့် ကမ္ဘာ့နိုင်ငံများအကြား အဆင့်မြင့်မြင့် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိရေးတို့အား တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် လွှမ်းခြုံအကောင်အထည်ဖော် ဆောင်ရွက်နေရခြင်း ဖြစ်ပြီး လူထုအားကစားလှုပ်ရှားမှု ကျယ်ပြန့်ရေး၊ မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်စေရေးအတွက် မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များဖြင့် ပူးပေါင်း၍ ရေတို၊ရေရှည်စီမံချက်များ ရေးဆွဲချမှတ်၍ လူအား၊ ငွေအား ပံ့ပိုးမှုအားများရယူ၍ အချိန်နှင့်တပြေးညီဆောင်ရွက်လျက်ရှိသည့် ဌာနတစ်ခုဖြစ်ကြောင်း၊ မျိုးဆက်သစ်အားကစားသမား ထွက်ပေါ်စေရေးအတွက် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(၆)ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီး (စစ်တွေ)သိပ္ပံနှင့် (ဟားခါး)သိပ္ပံအတွက် ဖွဲ့စည်းပုံအရ ဝန်ထမ်းများခန့်အပ်၍ ဖွင့်လှစ်ရေး ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အမှန်တကယ်အရည်အချင်းရှိသူများအား ရာထူးတိုးမြှင့်ခန့်ထားနိုင်ရေးအတွက် စာမေးပွဲများကျင်းပကာ Board အဖွဲ့ဖွဲ့စည်း၍ စိစစ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ လူငယ်ရေးရာ ကဏ္ဍအနေဖြင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုနှင့်အတူ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ အဓိကအခန်းကဏ္ဍကြီး(၁၇)ရပ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုကျင်းပပြုလုပ်သည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ခြင်း၊ ထူးချွန်ဆုရရှိခဲ့သူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်းများ ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း၊ ဝန်ထမ်းများအားလုံးအနေဖြင့် ဝန်ထမ်းကောင်း၏ အရည်အချင်း(၃)ရပ် ဖြစ်သည့် အမိန့်နာခံတတ်ခြင်း၊ သစ္စာရှိ၍ ယုံကြည်စိတ်ချမှုရှိခြင်း၊ ပေးအပ်သော တာဝန်ကို ကျေပွန်စွာ လိုက်နာဆောင်ရွက်ခြင်းတို့ကို နှလုံးသွင်း၍ အဖြူရောင်စိတ်ဓါတ်ဖြင့် မိမိကျရာအခန်းကဏ္ဍမှ မိသားစု စိတ်ဓါတ်နှင့် စည်းကမ်းရှိရှိ၊ တာဝန်သိသိ၊ စည်းလုံးညီညွတ် ပျော်ရွှင်စွာဖြင့် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းပြောကြားခဲ့ပါသည်။

ယင်းနောက် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ ပါရဂူဘွဲ့ရရှိသည့် အားကစားဆေးဘက်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးနှင့် သင်တန်းများတွင် ထူးချွန်ဆုရရှိခဲ့သူ (၄)ဦးကို ဂုဏ်ပြုဆုတံဆိပ်အားလည်းကောင်း၊ (၅၄)ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သည့် မအေးသန္တာခိုင်အား ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားဆုကျပ်သိန်း (၃၀၀) အားလည်းကောင်း၊ ငွေတံဆိပ်ဆုရရှိခဲ့သည့် မောင်ရဲထွန်းနောင်အား ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားဆုကျပ် သိန်း (၂၀၀) အားလည်းကောင်း၊ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ (၂၀၂၂) (AFF Women’s Championship 2022)တွင် တတိယဆုရရှိခဲ့သည့် မြန်မာအမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုဆုတံဆိပ်နှင့် တစ်ဦးလျှင် ငွေသားဆုကျပ်(၃၅)သိန်းနှုန်းဖြင့် စုစုပေါင်းကျပ်သိန်း(၁၀၉၀)အားလည်းကောင်း၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ် ရရှိခဲ့သည့် အားကစားသမား(၇)ဦးအား ဂုဏ်ပြုဆုတံဆိပ်နှင့်တစ်ဦးလျှင် ငွေသားဆုကျပ်(၅)သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း(၃၅,ဝဝဝ,ဝဝ)အား ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်ပြီး (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ငွေတံဆိပ်ဆုရရှိခဲ့သည့် အားကစားသမားဝန်ထမ်း (၁၁)ဦးအား ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားဆုတစ်ဦးလျှင် ကျပ်(၃)သိန်းနှုန်းဖြင့် စုစုပေါင်းကျပ် (၃၃,ဝဝဝ,ဝဝ) သိန်းအား ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှလည်းကောင်း၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ကြေးတံဆိပ် ဆုရရှိခဲ့သည့် အားကစားသမား(၃၅)ဦးနှင့် နည်းပြ/အုပ်ချုပ်သူ (၁၃)ဦးတို့အား ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားဆုတစ်ဦးလျှင် ကျပ်(၂)သိန်းနှုန်းဖြင့် စုစုပေါင်းကျပ်(၉၆,ဝဝဝ,ဝဝ)သိန်းအား ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များမှလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (နေပြည်တော်)တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်ထောင်စုဝန်ကြီးရုံး၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများအား ဆန်(၆)ပြည်၊ ဆီ(၁)ပိသာနှင့် ကုလားပဲ (၅ဝ)ကျပ်သားတို့ကို တစ်ဦးလျှင် ကျပ် (၂၁၄ဝဝ)နှုန်းဖြင့် ဝန်ထမ်း(၁၂၅၀)ဦးအတွက် စုစုပေါင်းကျပ်သိန်း (၂၆၇,၅ဝဝ,ဝဝ)အား ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တို့မှ ပေးအပ်ခဲ့ရာ ဝန်ထမ်းများကိုယ်စားတာဝန်ရှိသူများမှ လက်ခံခဲ့ကြပြီးနောက် အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်မှုဖြင့် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၂ခုနှစ်၊ ဗိုဗီနမ်နည်းပြ သင်တန်းဖွင့်ပွဲအခမ်းအနားကို နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် သင်တန်းသား/ သင်တန်းသူများတက်ရောက်ခဲ့ကြပါသည်။

သင်တန်းသား/သင်တန်းသူများမှ တစ်ဦးချင်းဂါရဝပြုမိတ်ဆက်ခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါ ဗိုဗီနမ်နည်းပြသင်တန်းကို (၁.၈.၂၀၂၂)ရက်နေ့မှ(၃၀.၈.၂၀၂၂)ရက်နေ့အထိ သင်တန်းကာလ(၁)လတွင် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ နည်းပြ(၃)ဦးတို့မှ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၃၀)ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။