အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်ရှိ အားကစားကွင်း/ရုံများ လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင် (၂၂)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်နှင့်တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက် (၁၀:၀၀)နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနသို့ ရောက်ရှိခဲ့ရာ ပွဲကြည့်စင်နှင့်မိုးလုံလေလုံအားကစားရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးလုံလေလုံ အားကစားရုံအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ခိုငှက်များမဝင်ရောက်စေရေးအတွက် ခိုငှက်များ ဝင်ရောက်နိုင်သည့် အပေါက်များကို သံဇကာများဖြင့်ကာရံထားရန်၊ အားကစားလေ့ကျင့်ရာတွင် လေဝင်လေထွက် ကောင်းမွန်စေရေးနှင့် အလင်းရောင်ရရှိစေရေးတို့အတွက် အားကစားရုံများအတွင်း Ventilator များ တပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်၊ အားကစားကွင်းပတ်ဝန်းကျင်ရှိ မြက်များ၊ ချုံနွယ်များ ရှင်းလင်းဆောင်ရွက်ထားရန်၊ အားကစားကွင်း/အားကစားရုံ ရေရှည်တည်တံ့စေရေးအတွက် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်သွားရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကရင်ပြည်နယ်သို့ ဆက်လက်ထွက်ခွါခဲ့ပြီး ကရင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့်အတူ ဘားအံမြို့နယ် ပြည်နယ်အားကစားရုံ(ပဒုမ္မာ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး အောင်သံလွင်အားကစားကွင်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပြေးခုန်ပစ်အားကစားသမား(၁၃)ဦးအား တွေ့ဆုံအားပေးခဲ့ပြီးနောက် အားကစားသမားများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများအားတွေ့ဆုံ၍ ဝန်ထမ်းများ၏ အခက်အခဲများကို တတ်နိုင်သမျှကူညီ၍ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအောက်တွင် ဦးစီးဌာန(၂)ခုရှိသည့်အတွက် လူငယ်ရေးရာကိစ္စရပ်များကိုလည်း ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ပေးရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာနမှ ချမှတ်ထားသည့် မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်များအား သိရှိထားရန် လိုကြောင်း၊ ဝန်ထမ်းများအချင်းချင်း မိသားစုသဖွယ် စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်ဖြင့် နေထိုင်သွား ကြရန်နှင့် မိမိအားပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်း၊ ဝန်ထမ်းများ၏ အခက်အခဲများ၊ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ပြည်နယ်လူမှုရေးဝန်ကြီး ဦးစိုးလွင်နှင့်တာဝန်ရှိသူများနှင့်အတူ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း၊ ပွဲကြည့်စင်နှင့်အထူးတန်းပွဲကြည့်စင် တည်ဆောက်နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ထားသော စံချိန်/စံညွှန်းနှင့်အညီ အရည်အသွေးများ ကောင်းမွန်စေရေးအတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။