အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဂျူဒို ဒိုင်လူကြီးနှင့် နည်းပြမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ ဇူလိုင် (၁၁)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂျူဒိုဒိုင်လူကြီးနှင့် နည်းပြမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၀၀)နာရီတွင် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်ပြီး သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား/သင်တန်းသူများမှ တစ်ဦးချင်း ဂါရဝပြုမိတ်ဆက်ခဲ့ကြပါသည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ခေတ်စနစ်နှင့်အညီ တိုးတက်ပြောင်းလဲလာသော ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများ၊ ဥပဒေ/နည်းဥပဒေများ၊ နည်းစနစ်များနှင့် အမှတ်ပေးစနစ်များကို သေချာစွာ သိရှိနားလည်စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ ဒိုင်လူကြီးနှင့် နည်းပြများအနေဖြင့် သင်တန်းကာလအတွင်း သင်ကြားပို့ချပေးသော သင်ခန်းစာ စာတွေ့/လက်တွေ့များကို သေချာစွာအာရုံစူးစိုက်၍ လေ့လာသင်ယူပြီး အပြန်အလှန် ဆွေးနွေးလေ့ကျင့်သင်ကြားကြရန် မှာကြား လိုကြောင်း၊ သင်တန်းမှ မိမိတို့သင်ကြားတတ်မြောက်ခဲ့သည်များကို မိမိတို့၏ သင်တန်းသားများကို လက်ဆင့်ကမ်းပြန်လည် သင်ကြားပေးခြင်းဖြင့် အားကစားသမားများ၏ အားကစားအရည်အသွေး တိုးတက်မြင့်မားလာမှာဖြစ်ပြီး ထူးချွန်ထက်မြက်၍ အရည်အချင်းရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်နိုင်မှာ ဖြစ်ပါကြောင်း၊ ပြည်နယ်/တိုင်းဒေသကြီးနှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများတွင် တာဝန်ယူဆောင်ရွက်နေသော နည်းပြဆရာများအနေ ဖြင့် အရည်အသွေးပြည့်မီသော မျိုးဆက်သစ် လူငယ်အားကစားသမားကောင်းများ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေးမှာ အလွန်အရေးကြီးကြောင်း၊ အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးသင်တန်းများတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၀၀ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်အထိ (A)လိုင်စင်ရရှိသူ(၇)ဦး၊ (B)လိုင်စင်ရရှိသူ(၁)ဦး အထိ တက်ရောက်အောင်မြင်ခဲ့ပြီး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ဒိုင်လူကြီးတာဝန်ကို (၂)ဦးနှုန်းဖြင့် သွားရောက်တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသား/သင်တန်းသူများအနေဖြင့် မိမိတို့ သင်ကြားတက်မြောက်ခဲ့သည်များကို မိမိတို့တာဝန်ကျရာ ပြည်နယ်/တိုင်းဒေသကြီးများတွင် ဆင့်ပွားသင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် လာမည့်ပြည်နယ်/တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် ခတ(KATA)ပြိုင်ပွဲနှင့် အသင်းလိုက်(TEAM)ပြိုင်ပွဲများတွင် ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် မိမိအသင်းများအား စနစ်တကျလေ့ကျင့်ပေးပြီး အဆင့်မြင့်မြင့် ဝင်ရောက်ယှဉ်ပြိုင်လာနိုင်ရေး ကြိုပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ဂျူဒိုအားကစားနည်းဖြင့် ရှေ့လာမည့်နိုင်ငံတကာအားကစားပြိုင်ပွဲများနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်စေရန် နည်းပြများ အနေဖြင့် မိမိတို့ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာဖြင့် ဆထက်ထမ်းပိုး ဆက်လက်ကြိုးပမ်း လေ့ကျင့်ဆောင်ရွက်သွားကြရန်လိုကြောင်းပြောကြားခဲ့ပြီး သင်တန်းသား/ သင်တန်းသူများနှင့် စုပေါင်း မှတ်တမ်းဓါတ်ပုံရိုက်ကူးကာ အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

အဆိုပါသင်တန်းအား ဇူလိုင်(၁၁)ရက်မှ(၂၂)ရက်အထိ နေပြည်တော်အားကစားလေ့ကျင့်ရေး စခန်း (Gold Camp)ရှိ Multipurpose Hall ၌ သင်တန်းသား(၃၅)ဦး၊ သင်တန်းသူ(၁၀)ဦး စုစုပေါင်း အင်အား(၄၅)ဦးကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ KODOKAN JUDO INSTITUTE တွင် နည်းပြသင်တန်းများ တက်ရောက်အောင်မြင်ထားသည့် နည်းပြဆရာများမှ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B) ရုံ၌ ကျင်းပပြုလုပ်လျက်ရှိသော ၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘော ပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။