အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)ရှိ အားကစားသမားများ၏ စခန်းဝင်လေ့ကျင့်နေမှုများအားလိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင် (၆)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်(၈:၀၀)နာရီတွင် နေပြည်တော် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)၌ စခန်းဝင်လေ့ကျင့်လျက်ရှိသော မျိုးဆက်သစ် အားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ပြေးခုန်ပစ် အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၂)၌ ဘောလုံး (အမျိုးသား/အမျိုးသမီး) အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ Training Hall (2) ၌ လက်ဝှေ့အားကစားသမားများနှင့် အလေးမအားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း၊ Training Hall (3) ၌ ဂျူဒိုအားကစားသမားများ၊ ကရာတေးဒိုအားကစားသမားများနှင့် တိုက်ကွမ်ဒို အားကစားသမားများ၏ လေ့ကျင့်နေမှုများအားလည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ပြီးနောက် နည်းပြဆရာများနှင့် တွေ့ဆုံ၍ အားကစားသမားများကို နည်းပြဆရာများခွဲ၍ လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ လေ့ကျင့်မှုကာလအတွင်း မိမိအားကစားသမားများ၏ အရည်အချင်း အားနည်းချက်/ အားသာချက်များကို သုံးသပ်ရန်လိုကြောင်း၊ နည်းပြများသည် အရေးကြီးသည့်အတွက် နည်းပြကောင်းမှ တပည့်များ တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိအားကစားသမားများ၏ ဝါသနာ/ပင်ကိုယ် အရည်အသွေးကိုကြည့်ပြီး သင့်တော်မည့် အားကစားနည်းအမျိုးအစားများတွင် ပုံစံချပေးပြီး စနစ်တကျလေ့ကျင့် သင်ကြား၍ သွန်သင်ဆုံးမပဲ့ပြင်ပေးရန်လိုကြောင်း၊ သို့မှသာ အားကစားသမားများ၏ စံချိန်/စံညွှန်းများ နှင့် အရည်အချင်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ စိတ်ပျော်ရွှင်ပြီး မငြီးငွေ့ဘဲ လေ့ကျင့်/ယှဉ်ပြိုင် ကစားချင်စိတ်များ ပြင်းထန်လာအောင် လေ့ကျင့်မှုပုံစံပြောင်း၍ လေ့ကျင့်သင်ကြားပေးရန် လိုအပ် ကြောင်း၊ နည်းပြများအနေဖြင့် အားကစားနည်းအလိုက် လိုအပ်ချက်များရှိပါက တာဝန်ရှိသူများမှတဆင့် ပွင့်လင်းမှန်ကန်စွာ တင်ပြနိုင်ကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အားကစားအထောက်အကူပြုပစ္စည်းလိုအပ်ချက်များ၊ နည်းပြများ၏ တင်ပြချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။  

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ စားရိပ်သာတွင် (Youth Camp) မှ အားကစားသမားများ၏ နေ့လည်စာ စားသုံးနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမားများအား အာဟာရနှင့်ညီညွတ်မျှတစွာ ချက်ပြုတ်ကျွေးမွေးရန်နှင့် နေထိုင်သွားလာစားသောက်မှုများတွင် စနစ်တကျကြီးကြပ် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲနှင့် အခြားနိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များရရှိစေရန် ရည်ရွယ်၍ နေပြည်တော်၌ လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) အား ဖွင့်လှစ်၍ ပြေးခုန်ပစ်၊ ဘောလုံး၊ လက်ဝှေ့၊ အလေးမ၊ ဂျူဒို၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ မြားပစ်၊ ပိုက်ကျော်ခြင်းနှင့် ဘော်လီဘော အားကစားနည်းများတွင် အုပ်ချုပ်/နည်းပြ (၄၀)ဦး၊ အားကစားသမား(၂၀၉)ဦး၊ စုစုပေါင်း (၂၄၉)ဦးတို့အား ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလမှစ၍ စနစ်တကျ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။