အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော်၊ ဇူလိုင် (၄)ရက်။

မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀:၀၀)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဝင် ညွှန်ကြားရေးမှူးချုပ်များ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်၊ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်က လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသောလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်စေရန် အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီကိုလည်းကောင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ အပါအဝင် ပြည်နယ်/တိုင်းဒေသကြီးများတွင် လူငယ်ရေးရာကော်မတီများကိုလည်းကောင်းအသီးသီး ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော ကြီးမားသည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ထူးခြားသော အင်အားစုတစ်ရပ်ဖြစ်ပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာနအနေဖြင့် နိုင်ငံတော်မှချမှတ်ပေးထားသော မူဝါဒ(၇)ရပ်၊ ရည်မှန်းချက်(၇)ရပ်၊ လုပ်ငန်း စဉ်(၁၀)ရပ်တို့နှင့်အညီ လူငယ်များဘက်စုံဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများကို အောင်မြင်စေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော် ကောင်စီအပါအဝင် ပြည်နယ်/တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီများမှ လုပ်ငန်းဆောင်ရွက်ချက်များအား လူငယ်ရေးရာဗဟိုကော်မတီသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်ရေး အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့လုပ်ငန်းကော်မတီအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်နှင့် လိုက်လျောညီထွေရှိစေရေး၊ ခေတ်စနစ်နှင့် ကိုက်ညီမှု ရှိ/မရှိ ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ပြီး မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များအနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာနအချင်းချင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီ/တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအကြား၊ လူမှုအဖွဲ့ အစည်းများနှင့် လူငယ်များအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုများကို လုပ်ထုံး/လုပ်နည်းများနှင့်အညီ ဖော်ဆောင်နိုင်ရေးဆောင်ရွက်သွားရန်၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော် ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ် လူငယ်ရေးရာကော်မတီတို့ကြား ဆက်စပ်ဆောင်ရွက်ပေးသွားရန်၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်၊ လမ်းညွှန်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာအကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်ရေးအတွက် အဖွဲ့ဝင်အားလုံးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) (၂၀၁၈-၂၀၃၀)၏ မဟာဗျူဟာများ၊ ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် များနှင့် ချိတ်ဆက်အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုအစည်းအဝေးမှ ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်များကို မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီသို့ တင်ပြဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။  

ဆက်လက်ပြီး လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက ဦးစီးဌာန၏ ရည်မှန်းချက်များ၊ မူဝါဒများ၊ လုပ်ငန်း စဉ်များ၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိကကဏ္ဍများ၊ အာဆီယံတွင် လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများမှ လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုစသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ် များကို အရှိန်အဟုန်မပြတ် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ လူငယ်များအလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရေး၊ မျိုးချစ်စိတ်ဓါတ်ရှင်သန် ထက်မြက်စေရေး၊ အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြခဲ့မှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များကို ခြုံငုံသုံးသပ် ဖြည့်စွက်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။