အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်

နေပြည်တော်၊ ဇွန်(၃၀) ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ညနေ(၃)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်ဇနီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်ဇနီး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနခွဲများမှ အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယခုလိုတက္ကသိုလ်ဝင်တန်းမှာ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ခြင်းသည်  ကျောင်းသား/ကျောင်းသူတို့၏ ဘဝအစ ပထမဆုံးခြေလှမ်း ဖြစ်ပါကြောင်း၊ “ အစကောင်းမှအနှောင်းသေချာ” သည့် အတွက် ဘဝအစတက်လမ်းမှ အခြေခံ ကောင်းမွန်ခိုင်မာစွာဖြင့် မိမိတို့၏ ရည်ရွယ်ချက်ပန်းတိုင်ကို အရောက်သွားနိုင်ရန် ဆက်လက် ကြိုးစားကြစေလိုကြောင်း၊ ပညာရှာသည့်အရွယ်မှာ ပညာကိုသာ ဆည်းပူးလေ့လာပြီး မိဘ/ဆရာ သမားများ၏ သွန်သင်ဆုံးမမှုကို နာခံလိုစိတ်ရှိရန်လိုကြောင်း၊ နိုင်ငံတော်က အားကိုးရသော ကောင်းမြတ်သည့် ကိုယ်ကျင့်သိက္ခာ၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ကြိုးစား ကြစေလိုကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေနှင့် “ ပညာမြင့်မှ လူမျိုးတင့်မည်” ဆိုသည့်အတိုင်း ပညာတတ်သော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးနိုင်ရေးအတွက် တက္ကသိုလ်ပညာရပ်များကို ဆုံးခန်းတိုင်အောင် သင်ယူလေ့လာမှတ်သားပြီး နိုင်ငံတော်နှင့်ပြည်သူ့အကျိုးကို သယ်ပိုးနိုင်မည့် ထူးချွန်ထက်မြက်သော လူရည်ချွန်/လူရည်မွန်များ ဖြစ်လာအောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းသား/သမီးများမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်ဇနီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့်တာဝန်ရှိသူများမှ ဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ရာ (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊  (၄)ဘာသာဂုဏ်ထူး ရှင်(၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၆)ဦး၊  (၂)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၁)ဘာသာဂုဏ်ထူး ရှင်(၁၂)ဦးနှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများရှိ သင်တန်းသား/ သင်တန်းသူများမှ (၂)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊  (၁)ဘာသာဂုဏ်ထူးရှင်(၁၂)ဦး စုစုပေါင်း (၃၅)ဦးတို့အတွက် ဂုဏ်ထူး (၁)ခုလျှင် ကျပ်(၁)သိန်းနှုန်းဖြင့် ချီးမြှင့်ငွေကျပ် ၅၇,၀၀,၀၀ဝိ/- (ကျပ်ငါးဆယ့်ခုနှစ်သိန်းတိတိ)ကို ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။

ထို့နောက် ဆုရရှိခဲ့ကြသော ကျောင်းသား/ကျောင်းသူများကိုယ်စား (၅)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မအိမ့်သက်ထားဦး မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး၍ အခမ်း အနားအားရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။