အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ် တောင်ကြီး အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းနှင့် အားကစားကွင်း/အားကစားရုံများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာလ(၄)ရက်။

မြန်မာအားကစားအောင်မြင်မှုရရှိရန်နှင့် လူငယ်များ အားကစားကိုလိုက်စားပြီး ကိုယ်ကာယ- စာရိတ္တ ဖွံဖြိုးတိုးတက်လာစေရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ အဆင့်မြှင့်တင်ကောင်းမွန်စေရန် အထူးအရေးကြီးပြီး မျိုးဆက်သစ်အားကစားသမား များ ပြုစုပျိုးထောင်ရာတွင် အဓိက ကျလျက်ရှိရာ သို့ဖြစ်ပါ၍

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယမန်နေ့နံနက် (၁၂)နာရီအချိန်တွင် တာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ် တောင်ကြီး အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းရှိ စားရိပ်သာ ကြည့်ရှုစစ်ဆေးပြီး သင်တန်းသား/ သင်တန်းသူများ ကျွေးမွေးနေမှုအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး၍ ကယ်လိုရီပြည့်ဝစွာပါဝင်သော အာဟာရများအား သန့်ရှင်းသပ်ရပ်စွာ ကျွေးမွေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်များ Covid-၁၉ စည်းကမ်းနှင့်အညီ နေထိုင်၍ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နှင့် မိသားစုစိတ်ဓာတ်ဖြင့် တာဝန်ထမ်းဆောင်ကြရန်၊ သင်တန်းသား/သင်တန်းသူများကို ရင်အုပ်မကွာစောင့်ရှောက်၍ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများဖြစ်အောင် ပြုစုပျိုးထောင်ကြရန် ဝန်ထမ်းများတာဝန် ဖြစ်ကြောင်း ပြောကြား၍  သင်တန်းသား/သင်တန်းသူများအိပ်ဆောင်(၃)ထပ်ဆောင်နှင့် ရေကူးကန် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းရှိ သင်တန်းသား/ သင်တန်းသူများနှင့်တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြားရာတွင် ယခုကာလသည် Covid-၁၉ ကူးစပ်ရောဂါကာလဖြစ်၍ မိမိတို့သည် Covid-၁၉ စည်းမျဉ်းစည်းကမ်းနှင့်အညီ နေထိုင်ပညာသင်ကြား အားကစားလေ့ကျင့်ရန် အထူးအရေးကြီးပါကြောင်း၊ မိမိတို့သည် မိမိတို့ဘဝ၏ ရည်မှန်းချက်ကို မြင့်မြင့်မားမားထားရှိ၍ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားဖြစ်မြောက်ရေးအတွက် ကြိုးစားလေ့ကျင့်သွားရန်လိုအပ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူများ၏ ဘဝနောင်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများအပါအဝင် ဘဝနောင်ရေးအာမခံရရှိရေးကို နိုင်ငံတော်မှ မူဝါဒချမှတ်၍ စီစဉ်ဆောင်ရွက်နေပါကြောင်း၊ သို့ဖြစ်ပါ၍ သင်တန်းသား/သင်တန်းသူများအနေဖြင့် ပညာရေးနှင့် အားကစားကိုသာ တစိုက်မတ်မတ် ရည်ရွယ်ချက်ထား၍ ကြိုးစားလေ့ကျင့်သွားရန်လိုအပ်ပါကြောင်း၊ ယခု ပြည်ထောင်စုဝန်ကြီး ရောက်ရှိလာခြင်းသည် သင်တန်းသား/သင်တန်းသူများ၏ ပညာသင်ကြားရေးနှင့် လေ့ကျင့်ရေးတွင် လိုအပ်ချက်မရှိစေရန်နှင့် များစွာကူညီထောက်ပံ့ပေးရန် ရည်ရွယ်၍ လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည့်သူ့အားကစားရင်ပြင်အား သွားရောက်ကြည့်ရှု ၍ အားကစားသမားများ ပျော်ပျော်ရွှင်ရွှင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအားတွေ့ဆုံ၍ ရှမ်းပြည်နယ် အားကစားဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးမှ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ထံသို့ ရှမ်းပြည်နယ်အတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ထို့နောက် ရှမ်းပြည်နယ် တောင်ကြီးအားကစားကွင်း Synthetic(ပြေးလမ်း)နှင့် ဘောလုံးကွင်း စိမ်းလမ်းစိုပြေရေးလုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည့် မြက်ရိတ်စက်များ/ Roller များ အပါအဝင် လိုအပ်သည့်စက်ကိရိယာများကို ထပ်မံ့ကူညီဆောင်ရွက် ပံ့ပိုးပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ရှိ မိုးလုံလေလုံအားကစားရုံသို့ ရောက်ရှိလာကာ ရှမ်းပြည်နယ်အတွင်းရှိ ဝန်ထမ်းများအားတွေ့ဆုံ၍ ဝန်ထမ်းများအားလုံး ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ်ဖြင့် မိသားစုစိတ်ဓာတ်ဖြင့် တာဝန်ထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများသည် ဆင့်ကဲဆင့်ကဲ ရာထူးအဆင့်အလိုက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှုဖြင့် ပေးအပ်သည့်လုပ်ငန်းတာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ Covid-၁၉ ကာလဖြစ်၍ နိုင်ငံတော်မှချမှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာနေထိုင်လုပ်ကိုင်ကြရန် အထူးလိုအပ်ပါကြောင်း၊ မိမိတစ်ဦးချင်းကိုယ်စီ ဝန်ထမ်းကောင်း စိတ်ဓာတ်ဖြင့် တာဝန်ကို‌ ကျေပြွန်အောင် ထမ်းဆောင်မှသာ မိမိတို့၏ အသင်းအဖွဲ့ မြို့နယ်/ခရိုင်/တိုင်း လုပ်ငန်းများ အောင်မြင်မည်ဖြစ်သည်ကို ခံယူသိရှိထားပြီး လုပ်ငန်းတာဝန်ထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။            

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အားကစားနည်းအလိုက် အားကစားသမားများ အားကစားလေ့ကျင့်နေမှုကို လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရပါသည်။