အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန်(၂၇)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်(၈:၀၀)နာရီ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် အားကစားကွင်းသို့ ရောက်ရှိပြီး ပွဲကြည့်စင်နှင့်မိုးလုံလေလုံအားကစားရုံအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားရုံ အတွင်း ခိုငှက်များ မဝင်စေရန်အတွက် ခိုငှက်များ ဝင်ရောက်နိုင်သည့် အပေါက်များကို သံဇကာများဖြင့် ပိတ်ထားရန်လိုအပ်ကြောင်း၊ အားကစားကွင်း/အားကစားရုံ ရေရှည်တည်တံ့စေရေးအတွက် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူမြို့သို့ရောက်ရှိပြီး တောင်ငူ အားကစားခန်းမအသစ်အား ကြည့်ရှုစစ်ဆေးခဲ့ရာ ခန်းမအတွင်း ရေမတင်စေရန်နှင့် တန်ဖိုးကြီးသည့်အတွက် ရေရှည်တည်တံ့စေရေးနှင့် မပျက်စီးစေရန်အတွက် စနစ်တကျ သေချာထိန်းသိမ်းစောင့်ရှောက်ကြရန်လိုကြောင်း၊ ဆက်လက်ပြီး တောင်ငူမြို့နယ်အားကစားကွင်းနှင့် မိုးလုံ လေလုံအားကစားခန်းမအား ကြည့်ရှုစစ်ဆေးခဲ့ရာ ခိုငှက်များမဝင်ရောက်နိုင်အောင် စနစ်တကျ ကာရံထားရန်လိုကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့ပြီး တောင်ငူခရိုင်နှင့်တောင်ငူမြို့နယ်မှ ဝန်ထမ်းများအားတွေ့ဆုံ၍ ဝန်ထမ်းများအားလုံး ကျန်းမာရေးအထူးဂရုစိုက်ကြရန်၊ ကျန်းမာမှ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဖြစ်သည့်အတွက် လူငယ်၊ လူရွယ်များ အသိဉာဏ် ဗဟုသုတများ ရရှိစေရေးအတွက် လူငယ်နှင့်ပတ်သက်ပြီး ဟောပြောပွဲများများ ပြုလုပ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဟောပြောပွဲများမှတဆင့် လူငယ်များ အားကစားကို စိတ်ပါဝင်စားလာပြီး မိမိတို့ဝါသနာပါသည့် အားကစားကို  ပြုလုပ်ချင်စိတ်တွန်းအားများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ လုပ် ငန်းများ ဆောင်ရွက်ရာတွင် ကျောသားရင်သားမခွဲခြားဘဲ တစ်ဦးနှင့်တစ်ဦး အထက်အောက် အပြန်အလှန် လေးလေး စားစားဖြင့် မိသားစု/ညီအစ်ကိုမောင်နှမသဖွယ် ကူညီဖေးမ၍ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ကြရန်လိုကြောင်း၊ ခေါင်းဆောင်သည် ထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဖန်ထောက်ရှု ဆိုသည့်အတိုင်း လိုက်နာကျင့်သုံး၍ လက်အောက်ငယ်သားများ၏ အခက် အခဲများကို ကူညီဖြေရှင်းပေးပြီး ခေါင်းဆောင်ကောင်း ပီသအောင် ပြုမူပြောဆို နေထိုင်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအားလုံး ချစ်ချစ်ခင်ခင်ဖြင့် လုပ်ငန်းတာဝန်များ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ကြရန်လိုကြောင်း၊ ဝန်ထမ်းများ၏ အခက်အခဲများ တင်ပြမှုများအပေါ် အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်သို့ သွားရောက်၍ အုတ်တွင်းမြို့နယ် အားကစားကွင်း၊ ပွဲကြည့်စင် ၊ မိုးလုံလေလုံ အားကစားရုံတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း/အားကစားရုံများ ရေရှည်တည် တံ့စေရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီးနောက် ဖြူးမြို့နယ်အားကစားကွင်းသို့သွားရောက်၍ အားကစားကွင်း၊ ပွဲကြည့်စင်နှင့် မိုးလုံလေလုံအားကစားရုံတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားရုံအတွင်းရှိ လက်ဝှေ့စင်ကြမ်းခင်းအား အသစ်ပြန်လည်မွမ်းမံပြင်ဆင်နိုင်ရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးရှိ ပဲခူးတိုင်းအားကစားကွင်း (၂၈.၇၉)ဧက အားကစားဥယျာဉ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်း တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး၍ ပွဲကြည့်စင်နှင့် မိုးလုံလေလုံအားကစားရုံတည် ဆောက်လျက်ရှိသည့် မြေနေရာအားကွင်းဆင်း လေ့လာ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီးနောက် ဆက်လက်၍ ဥဿာမြို့သစ် ပဲခူးခရိုင် အားကစားကွင်းနှင့် ပွဲကြည့်စင်၊ အားကစားသမားအိပ်ဆောင် တည်ဆောက်ပြီးစီးမှုအခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းရုံးမှ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများအား ကျန်းမာရေးအထူးဂရုစိုက်ကြရန်၊ ဝန်ထမ်းအချင်းချင်း အထက်အောက် အပြန်အလှန်နှင့်  ကြီးသူကိုရိုသေ၊ ရွယ်သူကိုလေးစား၊ ငယ်သူကို သနားညှာတာ ဆိုသည့်အတိုင်း မိသားစု ညီအကိုမောင်နှမသဖွယ် ကူညီဖေးမ၍ လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။